ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၃၈ နှစ်ပြည့် အခမ်းအနား ကျင်းပ၊

စစ်အုပ်စု ဦးဆောင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် အောင်မြင်မှာ မဟုတ်ဟု ထုတ်ပြန်၊
SCEF နဲ့ လက်တွဲသလို အညာအခြေပြု တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေ၊
Phoenix/MFP၊ နိုဝင်ဘာ – ၁
စစ်အုပ်စု အနေနဲ့ ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို မရပ်ဘဲ ငြိမ်းချမ်းရေး ကမ်းလှမ်းတယ် ဆိုတာဟာ နိုင်ငံရေး ထွက်ပေါက်ရှာတာသာ ဖြစ်ပြီး စစ်အုပ်စုကသာ ဦးဆောင်တဲ့ ဘယ်နိုင်ငံရေး လုပ်ငန်းစဉ်မှ အောင်မြင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) က ပြောပါတယ်။
ကျောင်းသားတပ်မတော် – မကဒတ ဖွဲ့စည်း တည်ထောင်ခြင်း ၃၈နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၁ရက် ဒီကနေ့ မကဒတ စစ်ကြောင်းတွေမှာ ကျင်းပခဲ့ပြီး နှစ်ပတ်လည် အထိမ်းအမှတ် ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ မကဒတ ဥက္ကဋ္ဌ ရဲဘော်သံခဲရဲ့ သဝဏ်လွှာမှာ အထက်ပါအတိုင်း ဖော်ပြထားတာပါ။
“စစ်အုပ်စုက ဦးဆောင်သော မည်သည့် နိုင်ငံရေး လုပ်ငန်းစဉ်မှ အောင်မြင်လိမ့်မည် မဟုတ်။ တိုင်းပြည်၏ အခက်အခဲကို စုပေါင်း ဖြေရှင်းမှသာ ရမည်”

ပြည်သူလူထု လိုချင်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မဟုတ်သလို စစ်အုပ်စု ပြောနေတဲ့ စနစ်နဲ့ပုံစံ မဟုတ်ဘဲ အများနည်းတူ ဒီမိုကရေစီစနစ်၊ တိုင်းရင်းသားတွေအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာနးခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ချင်တာဖြစ်ပြီး အဲ့တာကြောင့်ပဲ ထိပ်တိုက်ရင်ဆိုင် အန်တုနေကြရတာလို့ မကဒတ ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း ဆိုပါတယ်။
“ငါတို့ ပြည်သူလူထုကြီး လိုချင်တာက စစ်အာဏာရှင်တွေရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မဟုတ်ဘူး။ စစ်တပ်က နိုင်ငံရေးမှာ အရာရာ ဗိုလ်ကျစိုးမိုးနေတာ လက်မခံဘူး။ ငါတို့ လူထုလိုချင်တာက စစ်တပ်ဟာ အရပ်သား အုပ်ချုပ်ရေးအောက် ရှိရေးပဲ”
တော်လှန်ရေး အောင်မြင်ဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ လက်တွဲ ဆောင်ရွက်နေသလို နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်နေတယ်လို့ မကဒတ က ဆိုပါတယ်။

၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်အတွင်း အညာဒေသအခြေပြု မျိုးဆက်သစ်နွေဦးတော်လှန်ရေးအဖွဲ့အစည်း ၁၉ ဖွဲ့နဲ့ ပူးတွဲဆောင်ရွက်နေတယ်လို့လည်း မကဒတ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မကဒတဟာ ၈၈၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်း ဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက် လေးရပ်ကို ကိုင်စွဲကာ တိုက်ပွဲဝင်နေတာလို့ ထုတ်ပြန်ထားပါတယ်။
မကဒတကို ၁၉၈၈ နိုဝင်ဘာ ၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ယခု ၂၀၂၆ နိုဝင်ဘာ ၁ ရက်မှာ ဖွဲ့စည်း တည်ထောင်ခြင်း ၃၈ နှစ် ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

ကျောင်းသားတပ်မတော် – မကဒတ – ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၈ နှစ်ပြည့် အခမ်းအနားတွေ ကျင်းပစဉ်/Photo – ABSDF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ကျောင်းသားတပ်မတော် #ABSDF #မကဒတ



