NUG စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်ခင်မမမျိုး အင်တာဗျူး
“ပြန်လည်ထူထောင်ရေးကို စနစ်တကျ မဆောင်ရွက်နိုင်ရင် လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲ တွန်းပို့ နိုင်ပါတယ်”
ဒေါ်ခင်မမမျိုး၊ ဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ NUG
မေးမြန်းသူ – မှူးအိန်ဂျယ်လ်/MFP
(ငလျင်လှုပ်ပြီးစ လွန်ခဲ့တဲ့ ငါးလကျော် ဧပြီလအတွင်းက ဖော်ပြခဲ့တဲ့ အင်တာဗျူးကို ပြန်လည် ဖော်ပြတာ ဖြစ်ပါတယ်။)
မတ်လ ၂၈ ရက်က မန္တလေးနဲ့ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး ၇ ဒဿမ ၇ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသတွေမှာ လမ်း၊ တံတား၊ ရှေးဟောင်းနဲ့ ဘာသာရေး အဆောက်အဦတွေ အပါအဝင် အိုးအိမ် အများအပြား ပျက်စီးကာ သေဆုံးသူ ၄၀၀၀ ဝန်းကျင် ရှိပါတယ်။
ငလျင်ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးဟာ မြန်မာနိုင်ငံရဲ့ GDP (Gross Domestic Product – ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဘိုး) ထက် ကျော်လွန်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု ဘယ်လောက်များလဲ၊ ဒီဆုံးရှုံးမှုတွေကြောင့် ဘာတွေ သက်ရောက်နိုင်လဲ၊ ပြန်လည် ထူထောင်ရေး ဘယ်လို လုပ်ဆောင်သင့်လဲ ဆိုတာတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုး ကို MFP က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ မင်္ဂလာပါ ဆရာမရှင့်၊ လက်ရှိ ငလျင်ဘေးအန္တရာယ်ကြောင့် စီးပွါးရေး ထိခိုက်ဆုံးရှုံးမှုတွေ ဘယ်လောက်ထိ များနိုင်ပါသလဲရှင့်။
ဖြေ။ ။ USGS (အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့)ကတော့ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုကို အနီရောင်အဆင့် သတ်မှတ်ထားပြီး စီးပွါးရေး ဆုံးရှုံးမှုတွေကို ၁၀ ဘီလီယံကနေ ၁၀၀ ဘီလီယံကြား ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားတာလည်း တွေ့ရပါတယ်။ တိုင်းပြည် GDP ရဲ့ ထုတ်လုပ်မှု ပမာဏထက် ကျော်လွန်တယ်လို့လည်း ဆိုပါတယ်။ ငလျင်ဘေးအန္တရာယ်ကြောင့် စီးပွားရေး ထိခိုက်ဆုံးရှုံးမှု ခန့်မှန်းခြေကို တွက်ချက်ရာမှာ inventory method နဲ့ macroeconomic method နှစ်မျိုးကို အသုံးပြုကြပါတယ်။ Inventory method က အဆောက်အဦး ထိခိုက်ဆုံးရှုံးမှုတွေ အပါအဝင် damage functions အားလုံးကို ပေါင်းစပ်တွက်ချက်ပြီး၊ macroeconomic method ကတော့ seismic intensity zone ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအခြေအနေနဲ့ ဆုံးရှုံးမှု အချိုးကို အခြေခံပြီး တွက်ချက်တာ ဖြစ်ပါတယ်။ အခုအချိန်မှာ damage functions အားလုံးရဲ့ အချက်အလက်တွေ မငြိမ်သေးတဲ့အတွက် inventory method ထက် macroeconomic method ကို အသုံးပြုပြီး တွက်ချက် နေကြရတာပါ။
မေး။ ။ ဆရာမတို့ ဝန်ကြီးဌာနအနေနဲ့ရော ဆုံးရှုံးနိုင်တဲ့ ပမဏကို ခန့်မှန်းတွက်ချက်ထားတာ ရှိပါသလားရှင့်။
ဖြေ။ ။ လက်ရှိဝန်ကြီးဌာန ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနဲ့ ဘီလီယံ ၃၀ ကြား အချက်အလက် ပေါ်ထွက်လာပါတယ်။ အဆိုးဆုံး အခြေအနေအရဆိုရင် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်အထိ ဆုံးရှုံးနိုင်ပါတယ်။ inventory method နဲ့ တွက်လို့ရတဲ့ အချက်အလက်တွေ ပိုပြည့်စုံ လာရင်တော့ စီးပွားရေး ထိခိုက်ဆုံးရှုံးမှု (economic loss) တွေကို ပိုမို ခန့်မှန်း တွက်ချက်လာနိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ ငလျင်ကြောင့် စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုက နိုင်ငံ GDP ထက် ကျော်လွန်နေတာလား၊
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ GDP Growth Rate က ၂၀၁၉ ခုနှစ်မှာ ၆ဒဿမ၅၈ ရာခိုင်နှုန်းရှိရာက ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးချိန်မှာ အနုတ် ၁၂ ဒဿမ ၀၂ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့တာပါ။ ၂၀၂၄ မှာလည်း (တိုးတက်နှုန်း) ၁ ဒဿမ ၁ ရာခိုင်နှုန်းခန့်ပဲ ရှိပြီး၊ ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်မှုအရ GDP forecast ဟာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ ၆၇ ဘီလီယံ ဖြစ်ပြီး၊ ၂၀၂၅ အတွက် projection က ၆၈ ဒဿမ ၂ ဘီလီယံ ဖြစ်တဲ့အတွက် (ငလျင်ကြောင့်) ဆုံးရှုံးမှုပမာဏက (GDP ထက်) ကျော်လွန်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
မေး။ ။ ငလျင်ကြောင့် သက်ရောက်မှုကရော ဘယ်လောက် ကြီးမားနိုင်ပါသလဲ။
ဖြေ။ ။ ငလျင်ကြောင့် သက်ရောက်မှုတွေမှာ တိုက်ရိုက်သက်ရောက်မှုနဲ့ သွယ်ဝိုက်သက်ရောက်မှု ပုံစံနှစ်မျိုး ရှိပါတယ်။ တိုက်ရိုက် သက်ရောက်မှုတွေကတော့ အဆောက်အအုံ ပျက်စီးမှုများ၊ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းမှုနှင့် ပျက်စီးဆုံးရှုံးမှုများ၊ productive capital ဂကုန်ထုတ်လုပ်မှု စွမ်းအား) ဆုံးရှုံးမှုများ၊ အခြေခံ အဆောက်အအုံ ဖြစ်တဲ့ လမ်း၊ တံတားနဲ့ လျှပ်စစ်စွမ်းအားပေး စက်ရုံတွေ ပျက်စီးမှုများ၊ ကောက်ပဲသီးနှံ ပျက်စီးဆုံးရှုံးမှုများနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ပျက်စီးမှုများ ဖြစ်ပါတယ်။ ဒီလို တိုက်ရိုက် သက်ရောက်မှုတွေကြောင့် သွယ်ဝိုက်သက်ရောက်မှုအနေနဲ့ လူ့အဖွဲ့အစည်း အတွင်းက economic activity အပြောင်းအလဲတွေ ဖြစ်ကုန်ပါတယ်။ ကုန်ထုတ်လုပ်မှု တွေ၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေ၊ ပြန်လည်ထူထောင်ရေး လိုအပ်ချက်တွေ၊ ကုန်စျေးနှုန်း အပြောင်းအလဲတွေ အများအပြား ဖြစ်ပေါ်လာနိုင်ပါတယ်။ ပြန်လည်ထူထောင်ရေးကို စနစ်တကျ မဆောင်ရွက်နိုင်ရင် လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲ တွန်းပို့နိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းများကလည်း risk နည်းတဲ့ တိုင်းပြည်တွေမှာ ရင်းနှီးမြှုပ်နှံမှု ရွှေ့သွားတဲ့အတွက် တိုင်းပြည်ရဲ့ capital flight ဖြစ်နိုင်ပါတယ်။ သက်ရောက်မှုတွေကို အခြေခံအဆောက်အုံ ပျက်စီးမှုများ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအား လက်လှမ်းမီခွင့်၊ စီမံအုပ်ချုပ်မှုနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ ငလျင်ဘေးကြောင့် ထပ်မံ ဖြစ်ပွားလာသော risks များ ဆိုပြီး အပိုင်းလေးပိုင်းခွဲပြီး သုံးသပ် ကြည့်တဲ့အခါမှာ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်စတဲ့ အချက်အချာကျတဲ့ မြို့များရဲ့ ပျက်စီးမှုတွေက အတိုင်းအဆ အတော်ကြီးတယ်။
မေး။ ။ ဒီလိုပျက်စီးမှုတွေအတွက်ကရော ဘယ်လိုတွေ ပြန်လုပ်လို့ ရနိုင်ပါလဲ။ ရှင်းပြပေးပါဦး ဆရာမရှင့်။
ဖြေ။ ။ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုများကို လက်လှမ်းမီခွင့်အတွက် ဝန်ဆောင်မှုတွေကို ပိုမို ထိရောက် အားကောင်းအောင် လုပ်ဆောင်ကြဖို့ လူအင်အား၊ ငွေအင်အား အများအပြား လိုအပ်မှာ ဖြစ်ပါတယ်။ စီမံအုပ်ချုပ်မှုနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းမှာတော့ ဘေးအန္တရာယ် တုန့်ပြန်ဆောင်ရွက်မှုတွေမှာ စစ်ကောင်စီရဲ့ အားထုတ်မှုနဲ့ အာရုံစိုက်မှု အတော် အားနည်းပါတယ်။ နိုင်ငံတကာနဲ့ ပရဟိတအဖွဲ့များက ငွေအား၊ လူအားနဲ့ ဝိုင်းဝန်း ကြိုးပမ်းကြလို့သာ အခုလောက်အထိ တုန့်ပြန်မှုတွေ ရှိလာတာပါ။ တုန့်ပြန်ဆောင်ရွက်မှု အားနည်းချက်အပြင် ကူညီတုန့်ပြန် ဆောင်ရွက်မှုများကို အားလျော့အောင် ပိတ်ပင် တားဆီးတာတွေ၊ နိုင်ငံရေးနဲ့ စစ်ရေးအရ လမ်းကြောင်းလွှဲ အာရုံစိုက်မှု ဖြစ်အောင် လုပ်ဆောင်တာတွေ ကိုပါ တွေ့ရှိနေရပါတယ်။ ငလျင်ကြောင့် တတိုင်းပြည်လုံး ကြိမ်မီးအုံးသလို အခြေအနေမှာတောင် ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲပြီး၊ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးအောင် လုပ်နေပါတယ်။ သဘာဝဘေးတင်မက စစ်ဘေးကိုပါ ကြီးထွားအောင် လုပ်လာခဲ့ပါတယ်။ ငလျင်ဘေးနောက်ပိုင်းမှာ ထပ်မံဖြစ်ပွားလာတဲ့ risks များအတွက် ကြိုတင် ပြင်ဆင်မှု အစီအမံတွေ အများအပြား လိုအပ်နေပါသေးတယ်။ မြန်မာပြည် ပြန်လည်ထူထောင်ရေးက သဘာဝ ဘေးအန္တရာယ်သာမက လူလုပ်တဲ့ ဘေးအန္တရာယ်တွေနဲ့ပါ ပေါင်းစပ်နေတာ ဖြစ်တဲ့အတွက် သက်ရောက်မှုက ပိုမိုကြီးမားလာနိုင်ပါတယ်။
မေး။ ။ ပြန်လည်ထူထောင်ရေးအတွက် ဘယ်လောက်ထိ ခက်ခဲ့နိုင်လဲ။ ဘယ်လောက်ထိ ကြာမြင့်နိုင်လဲ။
ဖြေ။ ။ ပြန်လည်ထူထောင်ရေးအတွက် စီမံဆောင်ရွက်တဲ့အခါ ဆောင်ရွက်နိုင်စွမ်းရည် ငါးခုကို မြှင့်တင် ဆောင်ရွက်ဖို့ လိုပါတယ်။ နံပါတ် (၁)ကတော့ တည်ဆောက်မှုဆိုင်ရာ အသိပညာ၊ အတတ်ပညာနဲ့ ကျွမ်းကျင်မှု ဖြစ်ပါတယ်။ ဘေးအန္တရာယ်ကြောင့် ဒီပညာနဲ့ စွမ်းရည်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်ပါတယ်။ ဘေးအန္တရာယ် မတိုင်ခင်ကာလမှာ လိုအပ်တဲ့ တိုင်းပြည် စီမံအုပ်ချုပ်မှုဆိုင်ရာ စွမ်းရည်တွေထက် ဘေးအန္တရာယ် အလွန်ကာလမှာ တောင်းဆိုလာတဲ့ ပြည်သူ့ ဝန်ဆောင်မှုဆိုင်ရာ စွမ်းရည်တွေက ပိုပြီး လိုအပ်ချက် ကြီးမားပါတယ်။ နံပါတ် (၂) ကတော့ ငွေစွမ်းအားနဲ့ လူစွမ်းအား ဖြစ်ပါတယ်။ ထိခိုက်ဆုံးရှုံးမှုများကို ပြန်လည်ကုစားဖို့ ငွေကြေး လိုအပ်ချက်တွေ အပြင် ဘက်ပေါင်းစုံက ကျွမ်းကျင်ပညာရှင်များ လိုအပ်ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်ပညာရှင် အများအပြားက တောထဲနဲ့ ပြည်ပကို ရောက်နေကြပါပြီ။ ဒါကလည်း စိန်ခေါ်ချက်တွေ ရှိလာမှာပါ။ နံပါတ် (၃)ကတော့ သတင်းအချက်အလက်၊ စီမံခန့်ခွဲမှုနှင့် ဆက်သွယ်ရေးယန္တရားများပဲ ဖြစ်ပါတယ်။ နံပါတ် (၄) ကတော့ ဥပဒေ၊ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းများ ဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးကို အထောက်အကူပြုမယ့် ဥပဒေနဲ့ မူဝါဒတွေ ချမှတ်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ နံပါတ် (၅) ကတော့ တာဝန်ခံမှု၊ စောင့်ကြည့် လေ့လာမှုနဲ့ အစီရင်ခံမှု ဖြစ်ပါတယ်။ တာဝန်ခံမှု အားကောင်းပြီး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာမှုတွေ လိုအပ်ပါတယ်။ ဒီဆောင်ရွက်နိုင်စွမ်း ငါးခု စလုံးမှာ အခက်အခဲတွေ အများကြီး ရှိလာနိုင်ပါတယ်။ အထူးသဖြင့်တော့ စစ်ကောင်စီရဲ့ သဘောထား ဖြစ်ပါတယ်။ စစ်ကောင်စီက သဘာဝဘေး မကျရောက်မီမှာ လုံလောက်တဲ့ သတိပေးနှိုးဆော်မှုတွေ၊ ဇာတ်တိုက် လေ့ကျင့်မှုတွေ လုပ်ခဲ့ခြင်းမရှိဘဲ သဘာဝဘေး ကျရောက်နေတဲ့ ခုလိုကာလမှာတောင် လျှပ်စစ်မီးဖြတ်၊ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှုတွေကို ကြားဖြတ်နှောင့်ယှက်၊ လမ်းတွေ ပိတ်ဆို့ လုပ်ဆောင်နေတာမို့ ပြန်လည်ထူထောင်ရေးမှာ ဒီလို ပြည်သူကို ရန်သူသဖွယ် သဘောထားနဲ့ စစ်ကောင်စီရဲ့ သဘောထားက စီမံခန့်ခွဲမှုဆိုင်ရာ အတားအဆီးကြီး ဖြစ်လာမှာပါ။ အချိန် ကာလကတော့ ပုံမှန်ဆိုရင်တော့ သဘာဝ ဘေးအန္တရာယ်အပြီးမှာ သုံးနှစ်နဲ့ ငါးနှစ်အတွင်း ပြန်လည် ထူထောင်လို့ ရပါတယ်၊ သို့ပေမယ့် စစ်ကောင်စီနဲ့ စစ်အုပ်စု ရှိနေသမျှကာလပတ်လုံး ပြန်လည် ထူထောင်နိုင်မှု လုပ်ဆောင်ရည်စွမ်း အခက်အခဲတွေ ဖြစ်နေမှာမို့ ပိုမိုကြန့်ကြာမှု တွေ ရှိလာနိုင်ပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒေါ်ခင်မမမျိုး/Photo – PM



