စစ်ကိုင်းတိုင်းထဲ တိုက်လေယာဉ် လေးစီးနဲ့ ဗုံးကြဲသတ်မှု ပြည်သူ လေးဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရ၊
ခင်ဦးနဲ့ ကောလင်းနယ်ရှိ စာသင်ကျောင်းဆောင်နဲ့ အိုးအိမ်တွေ ပျက်စီး၊
ထင်လင်း/MFP၊ ဇန်နဝါရီ – ၅
စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ကျွန်းလှနဲ့ ခင်ဦးမြို့နယ်တွေထဲကို ဇန်နဝါရီ ၅ရက် မနေ့က ညပိုင်းအချိန် အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ခဲ့ရာ စစ်ဘေးရှောင် ပြည်သူတွေ အပါအဝင် အရပ်သားပြည်သူ လေးဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၁ ဦး ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၅ရက် ည၉နာရီဝန်းကျင်အချိန် မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီး၊ မိတ္ထီလာမြို့ ရှမ်းတဲလေတပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီး၊ စုစုပေါင်း တိုက်လေယာဉ် လေးစီးနဲ့ ခင်ဦး၊ ကျွန်းလှနဲ့ ကောလင်းနယ်ရှိ ကျေးရွာတွေ၊ စာသင်ကျောင်းတွေပေါ် ဗုံးပတ်ကြဲခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ တိုက်လေယာဉ် လေးစီးအနက် တစ်စီးက ခင်ဦးမြို့နယ် အရှေ့ခြမ်း၊ ကုန်းကြီးကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲရာ ကျောင်းဘေးတဲထိုးနေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ စုစုပေါင်း သုံးဦး ပွဲချင်းပြီး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရပြီး ဒဏ်ရာ ရသူတွေထဲက အမျိုးသား တစ်ဦးဟာလည်း ဆေးကုသဖို့ ကြိုးစားနေရင်း ထပ်မံ သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ရေး ပစ်မှတ် (လုံးဝ) မဟုတ်သည့် အရပ်သား အပြစ်မဲ့ စစ်ဘေးရှောင် ပြည်သူများ စုဝေး၍ ခိုလှုံနေထိုင်လျှက်ရှိသော ကုန်းကြီးကျေးရွာ စာသင်ကျာင်းနှင့် ကပ်လျှက်ရှိသော ဆီသိုလှောင်ခြံကို အဓိက ပစ်မှတ်ထား၍ တိုက်ခိုက်သွားခြင်း ဖြစ်ပါသည်” လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က ဖော်ပြပါတယ်။
ကောလင်းနယ် အနောက်ခြမ်း၊ သစ်ဆိမ့်ကုန်းရွာကို တိုက်လေယာဉ် တစ်စီးနဲ့ နှစ်ကြိမ် ဗုံးကြဲမှုကြောင့်လည်း အရပ်သား ပြည်သူ သုံးဦး ဒဏ်ရာရပြီး အိုးအိမ်အဆောက်အအုံတွေ ပျက်စီးတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က ထုတ်ပြန်ပါတယ်။
ကျွန်းလှနယ်ထဲ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးပတ်ကြဲမှုနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးအခက်အခဲကြောင့် ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားကာ ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်နဲ့ ရခိုင်စတဲ့ နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် အနှံ့က မြို့၊ရွာတွေကို ၁၁၉ ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ CDM စစ်ဗိုလ်တွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ အဲ့ဒီလို နိုင်ငံတဝန်း ဗုံးပတ်ကြဲရာမှာ အရပ်သားပြည်သူတွေ အိပ်မောကျချိန်ဖြစ်တဲ့ ညပိုင်းအချိန်ကို ပိုမို ဦးတည်ပစ်ခတ်လာသလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံတွေ အပြင် သဘာဝသံယံဇာတာထွက်ရှိတဲ့ ရေနံမှော်နဲ့ ရွှေတူးဖော်ရေး လုပ်ငန်းတွေကို တိုက်ခိုက်နေတာ တွေ့ရတယ်လို့ MDIS က ဆိုပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှု ၁၈၄ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ ကလေးသူငယ် ၃၀ ကျော် အပါအဝင် အရပ်သား ပြည်သူ ၁၃၀ ဦး သေဆုံးကာ ၂၆၀ ကျော် ဒဏ်ရာရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၄၉၀ ကျော် ကျူးလွန်ခဲ့ကာ အရပ်သား ပြည်သူ ၄,၆၈၀ ကျော် သေဆုံးခဲ့တယ်လို့ NUG က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ ဗုံးကြဲလို့ ခင်ဦးနဲ့ ကောလင်းနယ်က အရပ်သားပြည်သူတွေ၊ စစ်ဘေးရှောင် ပြည်သူတွေ ထိခိုက်သေဆုံးစဉ်/Photo – ခင်ဦး ပအဖ၊ ကောလင်း ပအဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



