မန္တလေးသတင်း

ဖျက်အားပြင်း ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက်လှုပ်နေပေမယ့် ပြင်းအား လျော့လာ၊

ဂျီဂျီ၊ MFP/ ဇန်နဝါရီ – ၆

ပြင်းအား ၇ ဒဿမ ၇ ရစ်(ခ်)တာစကေးအဆင့်ရှိတဲ့ ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ် ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေပေမယ့် ပြင်းအား လျော့လာတယ်လို့ စစ်အုပ်စုရဲ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

မတ်လ ၂၈ရက် ငလျင်ကြီးအပြီး ကိုးလကျော်အတွင်း မြန်မာနိုင်ငံတွင်း ဗဟိုပြုကာ နောက်ဆက်တွဲ ငလျင် အကြိမ် ၂၅၀ ကျော် လှုပ်ခတ်ခဲ့ပြီး မတ်လကနေ ဇွန်လအထိ ပြင်းအား ရစ်(ခ်)တာစကေး ၃ ကနေ ၆ အဆင့်ရှိတဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့ပေမယ့် ဩဂုတ်လနောက်ပိုင်း လှုပ်ခတ်တဲ့ ငလျင်တွေဟာ ပြင်းအား ရစ်(ခ်)တာစကေး ၅ ကို မကျော်တော့ဘူးလို့ ဆိုပါတယ်။

ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်တာက ဖြစ်ရိုးဖြစ်စဉ်ဖြစ်သလို အချိန်ကြာလာတာနဲ့အမျှ အကြိမ်ရေလျော့လာတတ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ယက်မှာ ရေးပါတယ်။

“အင်အားကြီး mainshock တစ်ခုဖြစ်ရင် နေ့စဉ်/အပတ်စဉ်/လစဉ်မက လများစွာ၊ နှစ်များစွာ တိုင်အောင် သေးငယ်တဲ့ aftershocks တွေ ဆက်ဖြစ်နိုင်တယ်လို့ USGS က ရှင်းပြထားပါတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

စစ်ကိုင်းငလျင်ကြီး လှုပ်တဲ့ မတ်လ ၂၈ ရက် တစ်ရက်တည်းမှာတင် ပြင်းအား ၂ ကနေ ၇ ရစ်(ခ်)တာစကေးကျော် အင်အားရှိ ငလျင် ၁၃ ကြိမ် လှုပ်ခတ်ခဲ့သလို ဧပြီလအတွင်း ပြင်းအား ရစ်(ခ်)တာစကေး ၃ ကနေ ၅ ကျော်အဆင့်ရှိတဲ့ ငလျင် ၁၀၄ ကြိမ် လှူပ်ခတ်ခဲ့တယ်လို့ စစ်အုပ်စု မိုး/ဇလ က ဆိုပါတယ်။

ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီးပြီးနောက် နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ ထုတ်ပြန်ချက်နဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်ကြား အနည်းငယ် ကွာဟမှု ရှိနေပြီး မြေငလျင်တိုင်းတာစက် စကေးနဲ့ တိုင်းတာတဲ့ နည်းလမ်းတွေအပေါ် မူတည်ကာ ငလျင်အင်အား ပမာဏ အနည်းငယ်ကွာခြားမှု ရှိနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်၊

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button