
ဝင်းသိန်း/MFP၊ မတ် – ၂၆
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဖလဲရွာကို အာဏာသိမ်း စစ်အုပ်စုက မနေ့က ညနေပိုင်း ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံစစ်ဘေးရှောင် ငါးဦး သေဆုံးပြီး နေအိမ် အမြောက်အများ ပျက်စီးတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက MFP ကို ပြောသည်။
မတ်လ ၂၅ ရက်၊ ညနေ ၅ နာရီကျာ်အချိန် မန္တလေးမြို့ တံတားဦးလေတပ်စခန်းက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကောလင်းမြို့နယ် အရှေ့ခြမ်း၊ ရွှေဘို -မြစ်ကြီးနား ကားလမ်းပေါ်ရှိ ကျောက်တန်းလမ်းဆုံ၊ ကွင်းလမ်းရှိ ဖလဲရွာကို စစ်အုပ်စုက ဗုံးပတ်ကြဲခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးသုံးကြိမ် ကြဲချခဲ့ရာ စစ်ဘေးရှောင်ပြည်သူ အမျိုးသား၊ အမျိုးသမီး ငါးဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးကာ နောက်ထပ် နှစ်ဦးလည်း ပြင်းထန်ဒဏ်ရာတွေ ရတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
”တိုက်ပွဲဖြစ်တာမျိုး မရှိဘဲ သက်သက်မဲ့ လာကြဲတာပါ။ ဗုံးသီးကျတဲ့နေရာက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့နေရာ ဖြစ်နေတော့ ထိခိုက်မှု များသွားတာ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း ပါသွားတယ်၊ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ ကိုယ်ဝန်ဘယ်နှစ်လဆိုတာတော့ မသိရသေးဘူး”

ဗုံးဒဏ်ကြောင့် စစ်ဘေးရှောင်ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးရသလို အိုးအိမ် အဆောက်အအုံ အမြောက်အများလည်း မီးလောင်၊ ပြိုကျ ပျက်စီးတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ကောလင်းနယ်ထဲ စစ်ရေးရှုံးနိမ့်မှုတွေ ရှိနေချိန် အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာနေတာလို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။
”အခုနောက်ပိုင်း သူတို့က မြေပြင်မှာ မယှဉ်နိုင်ရင် လေကြောင်းကိုပဲ အားကိုးတော့တာ။ ပြည်သူတွေ အနေနဲ့ကတော့ လူစုလူဝေးကို ရှောင်ကြဖို့နဲ့ လေကြောင်းရန် သတိပေးချက်တွေကို အမြဲ နားစွင့်ထားကြဖို့ တိုက်တွန်းချင်ပါတယ်”
ကောလင်းနယ်အရှေ့ခြမ်း ကျောက်တန်းလမ်းဆုံတဝိုက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းက စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကာ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထား ဗုံးပတ်ကြဲလို့ ဒေသခံတွေ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ကောလင်းနယ်ထဲ မကြာခဏ ဗုံးပတ်ကြဲနေတာ ဖြစ်ပြီး မတ်လ ၅ရက်ကလည်း ကောလင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်း၊ ကချင်ကုန်းကျေးရွာကို ဂျက်ဖိုက်တာ တစ်စီးနဲ့ ဗုံး လေးလုံး ကြဲချခဲ့ရာ စစ်ဘေးရှောင်အမျိုးသမီး နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ကောလင်းမြို့နယ်အတွင်းရှိ အများပြည်သူ အနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့နဲ့ လူစုလူဝေး အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ ကလည်း အသိပေး တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ ကောလင်းနယ် အပါအဝင် နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။


မတ်လ ၂၅ရက် ညနေပိုင်း ကောလင်းနယ် အရှေ့ခြမ်း၊ ကျောက်တန်းလမ်းဆုံအနီးရှိ၊ ဖလဲကျေးရွာကို စစ်အုပ်စုက ဗုံးကြဲလို့ စစ်ဘေးရှောင်ပြည်သူတွေ သေဆုံးကာ အိုးအိမ်တွေ ပျက်စီးမှုကို တွေ့ရစဉ်/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ကောလင်း #ကျောက်တန်း_ဖလဲ



