စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

စစ်အုပ်စု ကြီးစိုးထားတဲ့ မုံရွာမြို့မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် နှင်းဆီ လှုပ်ရှားမှု ပြုလုပ်၊

ဒေါ်လာ/MFP၊ ဇွန် – ၁၈

အာဏာသိမ်း စစ်အုပ်စု ကြီးစိုးသောင်းကျန်းနေတဲ့ စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သတင်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ရှိရာ မုံရွာမြို့ရှိ စျေးတွေ၊ ဘုရားတွေနဲ့ လူအသွားအလာများတဲ့ အထင်ကရနေရာတွေမှာ နှင်းဆီလှုပ်ရှားမှုကို လှုပ်ရှားဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

“မုံရွာမြို့အတွင်းရှိ အစစ်အဆေးများ ၊ နှင်းဆီပန်း ဝယ်ယူ ၊ သယ်ယူခွင့်များ ပိတ်ဆို့နေသည့် ကြားမှ လူထုအကူအညီဖြင့် မုံရွာမြို့ပေါ် နှင်းဆီ လှုပ်ရှားမှုအား အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ပါတယ်။ မုံရွာမြို့နယ်အတွင်း ယနေ့ညအထိ လိုက်လံ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေပြီး မြို့ခံ ပြည်သူများ နှင်းဆီလှုပ်ရှားမှုတွင် မပါဝင်နိုင်ရန် ပုံသဏ္ဍန်မျိုးစုံဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရှိရပါတယ်။  မုံရွာမြို့ခံ ပြည်သူများအနေဖြင့်လည်း လုံခြုံရေးအထူဂရုပြုကာ ရန်သူကြောက်တဲ့ နှင်းဆီလှုပ်ရှားမှုအား ညဏ်နှင့် ယှဥ်၍ ပါဝင် တော်လှန်ကြရန် မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်” လို့ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဖော်ပြပါတယ်။

ဇွန် ၁၉ရက် မနက်ဖန် ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး တောင်းဆိုမှုအဖြစ် နှင်းဆီ လှုပ်ရှားမှု ပြုလုပ်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

နှင်းဆီ လှုပ်ရှားမှုအဖြစ် နှင်းဆီပန်း (ဒါမှမဟုတ်) ရရှိနိုင်တဲ့ တခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာ၊ အပြန်အလှန် ဝေငှတာတွေ ပြုလုပ်ဖို့၊ မိမိတို့ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံတွေကို Social Media မှာ တင်ပြီး အွန်လိုင်းလှုပ်ရှားမှုမှာ ပါဝင်ဖို့နဲ့ မြေပြင်သပိတ် လှုပ်ရှားမှုတွေမှာလည်း နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး ပါဝင်ကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် အာဏာသိမ်းစဉ် အချိန်ကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးကာ အမှုဆင်ထောင်ချထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက ဖမ်းဆီးထားစဉ်အတွင်း သတ်ဖြတ်၊ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြဖို့ သားဖြစ်သူ အပါအဝင် ပြည်သူအများအပြားက တောင်းဆိုတဲ့ Proof of life လှုပ်ရှားမှုကိုလည်း မြန်မာနိုင်ငံသာမက ကမ္ဘာတဝန်း ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – မုံရွာ လူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မုံရွာ #စစ်ကိုင်း #နှင်းဆီလှုပ်ရှားမှု

Related Articles

Back to top button