
ခြောက်လအတွင်း အချုပ်ခန်းဖောက် လွတ်မြောက်လာသူ အယောက် ၃၀ ထက်မနည်းရှိ
MN/MFP ၊ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်း၊ရေဦးမြို့ပေါ်မှာ စစ်အုပ်စုက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်အမျိုးသား ၁၀ ဦးဟာ နိုဝင်ဘာ၂၅ ရက် ညနေပိုင်းမှာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အသက် ၂၀ ကနေ ၃၀ ကျော်အရွယ်ရှိတဲ့ လူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးနောက် ရေဦးမြို့၊အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းထဲမှာ ချုပ်နှောင်ထားခဲ့တာဖြစ်ပြီး မနေ့ညနေပိုင်းမှာ ထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူက ဆိုပါတယ်။
“ပေါ်တာဆွဲခံရသူတွေက စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ၊ တန့်ဆည်မြို့နယ် ၊ ခင်ဦးမြို့နယ် ၊ ကလေးမြို့နယ် နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်က ပြည်သူတွေပါ ။ညနေခင်း ကျောင်းဆင်းချိန်မှာ အချုပ်ခန်းဖောက်ပြီး ကျောင်းသားတွေနဲ့ရောထွက်လာတာ “လို့ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။
ဒီလို ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်၁၀ဦးကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း အဲဒီ ရေဦးအထက(၂) စာသင်ကျောင်းထဲမှာ ဖမ်းချုပ်ထားတဲ့ လူငယ် ၇ဦး ဟာ အစောင့်တွေကို ထိုးကြိတ်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သလို စက်တင်ဘာ ၁၆ ရက်နေ့ကလည်း အဲဒီနေရာကပဲ လူငယ် ၁၀ဦးကျော် ရေဦးပကဖထံ ထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်။
ရေဦးမြို့ပေါ်မှာလည်း စစ်အုပ်စုက နေအိမ်တွေထဲထိ မကြာခဏ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် လူငယ်အများစုဟာ မြို့ပေါ်မှာမနေရဲကြတော့ဘဲ တခြားဘေးလွတ်ရာနေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြတယ်လို့လည်း မြို့ခံတွေက MFP ကို ပြောဆိုထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်မတ်လကစပြီး နိုင်ငံတဝန်းက လူငယ်တွေကို လမ်းပေါ်တွေ၊အလုပ်သွားအလုပ်ပြန်နေရာတွေ၊ခရီးသွားကားတွေနဲ့ နေအိမ်တွေထဲအထိ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေပြီး ရက်တိုသင်တန်းတွေပေးကာ နိုင်ငံတဝန်းက စစ်ဖြစ်ပွားရာဒေသတွေကို အသေခံပေးပို့ စေလွှတ်နေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ စစ်မှုထမ်းသင်တန်းကျောင်းတွေမှာ ထွက်ပြေးဖို့ ကြိုးပမ်းတဲ့ သင်တန်းသားတွေကို ပစ်ခတ်ဖမ်းဆီးတာတွေလုပ်နေသလို ပြန်လည်ဖမ်းမိတဲ့သူတွေကိုလည်း အပြင်းအထန် နှိပ်စက် ရိုက်နှက်တာတွေ လုပ်နေတာကြောင့် အသက်သေဆုံးသူတွေနဲ့ ကိုယ်လက်အင်္ဂါထိခိုက်သူတွေရှိသလို လစာငွေဖြတ်တောက် ခေါင်းပုံဖြတ်ခံတာတွေလည်း ရှိနေတယ်လို့ စစ်မှုထမ်းကိစ္စအပါအဝင် စစ်ဘက်ဆိုင်ရာ အကြောင်းအရာတွေကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့စည်း Myanmar Defense and Security Institute-MDSI ကထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပေါ်တာဆွဲစစ်မှုထမ်းအင်အား လိုအပ်ချက်မြင့်မားနေတဲ့ အာဏာသိမ်းစစ်အုပ်စုဟာ စစ်မှုထမ်းအမှတ်စဉ် (၂၉) အထိ သင်တန်းဖွင့်လှစ်ထားပြီဖြစ်သလို လူငယ်တစ်သိန်းသုံးသောင်းကျော် သင်တန်းဆင်းပြီးပြီလို့ MDSI အဖွဲ့က ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး မလွှဲမရှောင်သာ အဓမ္မစစ်သားစုဆောင်းခံရသူတွေအနေနဲ့ အခွင့်အရေး ရရှိတဲ့အခါ စစ်တပ်ကနေ စွန့်ခွာထွက်ပြေးကြဖို့၊ အခြေအနေပေးပါက လက်နက်တွေကိုပါ ယူဆောင်လာကြဖို့နဲ့ တော်လှန်ရေးနယ်မြေတွေကို ရောက်ရှိလာတဲ့ လူငယ်တွေနဲ့ ရန်သူ့တပ်ကို စွန့်ခွာထွက်ပြေးလာကြတဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တွေကို လိုအပ်တဲ့ ချိတ်ဆက်ကူညီပေးတာတွေ ဆက်လက် လုပ်ဆောင်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။



