စစ်အုပ်စုရဲ့မရဏတောင်ကြား (သို့မဟုတ်)ချင်းပြည်မြောက်ပိုင်းထိုးစစ်
ရွှေဥ/MFP၊ မတ်လ ၁၁ (သတင်းဆောင်းပါး)
ပြီးခဲ့တဲ့နှစ် ဧပြီလနေ ဒီကနေ့အထိ ချင်းတော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဖလမ်းမြို့ကို စစ်အုပ်စုတပ်တွေက အင်အားထောင်ချီပို့ပြီး အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။ ဖလမ်းမြို့ပြန်ရရေးအတွက် စစ်အုပ်စုဘက်က အသည်းအသန် ကြိုးပမ်းနေပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၂၉)ရက်ကနေ ဒီကနေ့မတ်(၁၁) ရက်နေ့အထိ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုအကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
■ ဘယ်လမ်းကြောင်းတွေကနေ ဖလမ်းမြို့ကို ဦးတည်စစ်ကြောင်းထိုးနေသလဲ
အင်အား ၁၀၀၀ ကျော်ပါတဲ့ စစ်အုပ်စုတပ်တွေဟာ ကလေးမြို့ပေါ်ကနေ ကလေး-ဂန့်ဂေါလမ်းမကြီး (ကလေး-ထိုမာ-ထောက်ကြန့်- နတ်ချောင်း ဝေဘူလလမ်း ) ၊ကလေး -သိုင်းငင်း-တီးတိန်လမ်းနဲ့ စစ်အုပ်စုတပ်စွဲထားတဲ့ တီးတိန်မြို့ တောလမ်းကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ဖလမ်းမြို့ကို ဦးတည်စစ်ကြောင်းထိုးနေတယ်လို့ ချင်းအမျိူးသားကာကွယ်ရေးတပ် (CNO/CNDF ) တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီလို စစ်ကြောင်းထိုးရာမှာ မိုင် (၈၀) ကျော် ဝေးတဲ့ ကလေး-သိုင်းငင်း- တီးတိန် လမ်းကနေ လက်နက်ရိက္ခာ တင်ဆောင်ထားတဲ့ ကားတွေနဲ့ ဝင်ရောက်နေသလို ၊မိုင် (၄၀)လောက်နဲ့ အတိုဆုံးလမ်းဖြစ်တဲ့ ကလေး -ဝေဘူလ -လမ်းကနေလည်း ခြေကျင်စစ်ကြောင်းကို အသုံးပြုဝင်ရောက်နေပါတယ်။ အဲ့ဒီစစ်ကြောင်းတွေထဲမှာတော့ စစ်အုပ်စုရဲ့ ခြေမြန် တပ်မ(၇၇)ကနေ ထုတ်နုတ်ထားတဲ့ စစ်အုပ်စုတပ်သားတွေနဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူတွေလည်း ပါဝင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
■ စစ်ကူ ဘယ်နှစ်ကြိမ် ပို့ခဲ့သလဲ
ဒီလိုစစ်ကြောင်းထိုးဝင်ရောက်ရာမှာ စစ်အုပ်စုတပ်တွေဟာ ကလေးမြို့ပေါ်ကနေ ကလေး-သိုင်းငင်း -တီးတိန်လမ်းမကြီးအတိုင်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာ နှစ်ကြိမ် ၊နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ လေးကြိမ် ၊ ဒီနှစ်ဖေဖော်ဝါရီလမှာ နှစ်ကြိမ်နဲ့ မတ် (၁၀) ရက် နေ့မှာလက်နက်၊ ရိက္ခာပါတဲ့ ကားအစီးရေ (၁၀)စီး နဲ့ တစ်ကြိမ် လေးလအတွင်း စုစုပေါင်း စစ်ကူ ကိုးကြိမ် ပေးပို့ထားတာဖြစ်တယ်လို့ ချင်းအမျိူးသားကာကွယ်ရေးတပ် (CNO/CNDF ) တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဒီလေးလမှာတော့ အကြိမ်ရေက အများကြီး ပို့နေတာ ၊ဒီနေ့ကိုပဲ ကလေးကနေ ချင်းပြည်ကို ကား(၁၀) စီးတက်လာတယ်လို့သိရတယ်။သုံးစီးက လူတွေ တင်လာတယ်၊ခုနှစ်စီးကတော့ လက်နက်နဲ့ရိက္ခာတွေ တင်လာတယ်” လို့အဆိုပါတပ်ဖွဲ့ဝင်က ပြောပါတယ်။
ဒီလို စစ်ကူပို့ရာမှာ စစ်အုပ်စုတပ်တွေဟာ လက်နက်၊ခဲယမ်း ရိက္ခာတွေကိုတော့ လေယာဉ်နဲ့ တင်ပို့တာဖြစ်ပြီး လေးလကျော်အတွင်းမှာ လေယာဥ်အတက်အဆင်း အကြိမ်ရေ (၂၀) ကျော်ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။

■ ထိုးစစ်လေးလအတွင်း ဘယ်နေရာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့သလဲ
စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးနေတဲ့ လေးလကျော်အတွင်း ကလေး- သိုင်းငင်း -တီးတိန် လမ်းမကြီး တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေ ဖြစ်တဲ့ တီးတိန်မြို့နယ်အတွင်းက မွာလ်ပီး၊သိုင်းငင်း ၊လေထန်ကုန်း ၊ကနေဒီတောင်ကုန်း ၊ထင်းရှုးစခန်း ၊လုမ်ဘန်း ကျေးရွာတွေနဲ့ ဖလမ်းမြို့နယ်အတွင်းက သီးဖီးလ် ၊ဟိုင်းမွာ၊ခွန်းလီ ၊သွားလ်ဇဲ့ ၊ခွန်းမွှာ ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ဒီလိုတိုက်ပွဲ ဖြစ်ပွားချိန်မှာ ချင်းတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့နယ်က ဝေဘူလမြို့နဲ့ စစ်ရေးအရအရေးပါတဲ့ တီးတိန်မြို့နယ်က ကနေဒီတောင်ကုန်းကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်သွားခဲ့ပါတယ်။ ဒါပေမယ့် တစ်လအတွင်းမှာပဲ ကနေဒီတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပါတယ်။
“ဝေဘူလမြို့ကတော့ အဲ့ ဒီဘက်က ဆုတောင်းတောင်မှာ အင်အား (၃၀) လောက်နဲ့ တပ်စွဲထားတယ်လို့ သိရတယ်။ကနေဒီတောင်ကုန်းတော့ ပြန်သိမ်းပြီးပြီ တစ်ခုတော့ ကျန်သေးတယ်။ ဖလမ်းမြို့နယ်မှာတော့ တိုက်ပွဲကတော့ ဆက်ပြင်းထန်နေတယ်”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
■ လေးလကျော်တိုက်ပွဲတွေအတွင်း စစ်အုပ်စု ဘယ်လောက်သေဆုံးခဲ့လဲ
ချင်းတော်လှန်ရေးအင်အားစုတွေဟာ စစ်အုပ်စုစစ်ကြောင်းတွေကို ဖလမ်းနဲ့တီးတိန်မြို့နယ်တွေ အတွင်းမှာ ဒေသအလိုက်ခွဲပြီး ခုခံတိုက်ခိုက်နေတာပါ။ ချင်းပြည်အစိုးရ(Chinland) ကာကွယ်ရေးဝန်ကြီးဌာန ဘက်က ထုတ်ပြန်ခဲ့တဲ့စာရင်းတွေအရတော့ လေးလကြာတိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုဘက်က အရာရှိ (၉) ဦးအပါအဝင်တပ်သား (၂၀၀) ကျော် သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း ဖမ်းဆီးသိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ Nai John Kimက ပြောပါတယ်။
“ဒီသုံးလ၊ လေးလအတွင်းမှာပေါ့ ကျနော်တို့ဖြိုနိုင်တာကတော့ ၂၀၀ လောက်တော့ ဖြိုနိုင်တယ်။ ၂၀၀ ကလည်း တော်တော်လေးများတယ်။ လက်နက်ခဲယမ်းလဲသိမ်းတာရှိတယ်။ကျနော်တို့ တိုက်ပွဲမှာတော့ တောက်လျှောက် ကြည့်ရင်တော့ အင်အားက ၁၀၀၀ လောက်ရှိတယ်။ ကျနော်တို့ သုံးချိုး၊ တစ်ချိုးလောက်ထိ ချိုးနိုင်တယ်။ လက်နက်ခဲယမ်းတွေလဲ ရပါတယ်။ အဓိကပြောချင်တာကတော့ ခြေ၊ လက်ပြတ်ဒဏ်ရာရလည်း တော်တော်များမှာ။ ရှေ့ဆက်မတိုးနိုင်အောင် ကျနော်တို့ခုခံထားတယ်”လို့ သူကပြောပါတယ်။
အလားတူပဲ ချင်းအမျိုးသားကာကွယ်ရေးတပ် CNO/CNDF တပ်ဖွဲ့ကတော့ လေးလကျော်အတွင်း ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်တွေမှာ စစ်အုပ်စုတပ်သား (၄၀၀) ကျော် သေဆုံးခဲ့ပြီး အလင်းဝင်ရောက်လာသူနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသူ (၄၀) ကျော် ရှိတယ်လို့ ဆိုပါတယ်။
“ဖလမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က သေတာက အလောင်းက (၄၀၀) ကျော် လောက်ရှိတယ်။အလင်းဝင်တာနဲ့ သုံ့ပန်းအဖြစ်ရတာက (၄၀) ကျော် လောက်ရှိတယ်” CNO/CNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ချင်းပြည်နယ် ဖလမ်းတိုက်ပွဲ အပါအဝင် ၂၀၂၅ အောက်တိုဘာလနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာ CNDF (ချင်းအမျိုးသားကာကွယ်ရေးတပ် ) ၊ချင်းအမျိုးသားတပ်ဦး (CNA) CDF တို့မှ တပ်ဖွဲ့ဝင် (၄၂) ဦး ကျဆုံးခဲ့ပြီးတော့ ဒဏ်ရာ ရရှိသူ (၁၀၀) ကျော်ရှိတယ်လို့ ဖလမ်းမြို့နယ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး (Institute Of Chin Affair Icn (ICa) က မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

■ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ဘယ်လိုပူးပေါင်းတိုက်ခိုက်ခဲ့လဲ
လေးလကျော်အကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်တွေကို ချင်းတော်လှန်ရေးအင်အားစုတွေ ဖြစ်တဲ့ ၊ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF)၊ ချင်းပြည် ကာကွယ်ရေးဝန်ကြီးဌာနအောက် တပ်ရင်းတွေနဲ့ Zoland -PDF ၊CDM- Siyin ၊စုန်းမအဖွဲ့ စတဲ့ တပ်ပေါင်းစုတွေဟာ သူတို့ဒေသရဲ့ ပထဝီအနေအထားကို ကောင်းကောင်းအသုံးချပြီး ဟန်ချက်ညီညီ တိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ကျနော်တို့ချင်းပြည်နယ်မှာတော့ တောင်ကုန်းတောင်တန်းတွေက ကျနော်တို့ အတွက် အားသာချက်တစ်ခုပါပဲ၊ တောင်ကုန်းတောင်တန်းတွေကလည်း ကျနော်တို့ခံတပ် တစ်ခုပါပဲ ။ဒါကို ကျနော်တို့ ကောင်းကောင်းအသုံးချ နိုင်ခဲ့တယ်။ကျနော်တို့ အရင်တုန်းကလို ပျောက်ကျားစနစ်နဲ့ပစ်တာတွေ တိုက်တာတွေ သိပ်မလုပ်တော့ဘူး။ ထိုးစစ်တွေ တိုက်စစ်တွေ ကိုယ့်ဘက်က စစ်ဗျူဟာပေါင်းစုံ ၊နည်းပညာပေါင်းစုံ ကျနော်တို့ တိုက်ခိုက်နေတာ ဖြစ်တယ်။ကိုယ်ရဲ့ မြေပြင်အခြေအနေကို ကောင်းကောင်းအသုံးချနိုင်တာကတော့ ကျနော်တို့ရဲ့ အားသာချက်တစ်ခုပေါ့”လို့ချင်းပြည်အစိုးရ(Chinland) ကာကွယ်ရေးဝန်ကြီးဌာန၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ Nai John Kimက ပြောပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ကန်ပက်လက် ၊မတူပီ မြို့တွေနဲ့ ရေဇွာ ၊နှာရှိန်း ၊ရိဒ်ခေါဒါရ်စတဲ့ မြို့တွေကို သိမ်းပိုက်စဉ်က ပါဝင်ခဲ့ကြတဲ့အောင်ပွဲရ ရဲဘော်တွေနဲ့ အာရက္ခတပ်တော် (AA)နဲ့ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA ) ထံမှာ သင်တန်းတက်ရောက်ထားတဲ့ စွမ်းရည်ပြည့်ဝတဲ့ ရဲဘော်တွေလည်း ပါဝင်တာကြောင့် စစ်အုပ်စုဘက်က ရှေ့မတိုးနိုင်တာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“မင်းတပ် ၊မတူပီတို့ သိမ်းတုန်းက လှိုင်ခေါင်းဖောက်ပြီး တိုက်ခဲ့ကြရတာတွေရှိတယ်။ AAပုံစံပေါ့ ၊အခုကကာလကတော့ ငါးနှစ်သားဆိုပေမယ့် ကလေးတွေမဟုတ်ဘူးဆိုတာ ၊သူတို့ (စစ်အုပ်စု)အလောင်းတွေက သက်သေပေါ့ “လို့သူကပြောပါတယ်။
■ လေးလကျော် တိုက်ပွဲ အတွင်း အရပ်သား ဘယ်လောက် သေဆုံးခဲ့သလဲ
ဖလမ်းမြို့နယ်အတွင်းမှာတော့ လေးလေကျော်အတွင်း စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးသတ်ဖြတ်တာကြောင့် အရပ်သားပြည်သူ (၁၅) ဦးသေဆုံးခဲ့ပြီးတော့ ပြည်သူ (၃၀) ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ (Institute Of Chin Affair Icn (ICa) က မတ်လ၁၀ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၂၅၀၀) ကျော်ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး နဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် စာသင်ကျောင်း ၊ဘုရားကျောင်း ၊ဆေးရုံအပါအဝင် အဆောက်အဦး (၆၀)ကျော် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
ဖလမ်းမြို့နယ်အတွင်းမှာ မြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်ကျော်ရှိပြီးတော့ ကျေးရွာပေါင်း (၂၀၀) နီးပါးရှိ ပါတယ်။အဲ့ဒီထဲမှာတော့ မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာပေါင်း (၁၀၀) ကျော်ကဒေသ ခံတွေဟာ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရပြီး ပါရ်သဲ ၊လာသီ ၊ကူလ်ဇမ် ၊ဗားလုံ ၊ဇောင်လေ ၊ခွန်းမွလ် ၊ဖာရ်းခေါမ် ၊ဖာရ်းဆို ၊သူဖိုင် ၊ လုံဟော့ ၊လှန်ဇောလ် ၊ ခွားလေ ၊လုမ်ဘန်း စတဲ့ကျေးရွာ တွေက ဒေသခံ ၅၀၀၀ကျော်ဟာ စားနပ်ရိက္ခာတွေ ပြတ်လပ်နေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
■ လေးလကျော်ထိုးနေတဲ့ စစ်အုပ်စုစစ်ကြောင်းဘယ်ရောက်နေပြီလဲ
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက ကလေး-ဂန့်ဂေါလမ်းမကြီး ( ကလေး-ထိုမာ -နတ်ချောင်း -ဝေဘူလ -ဖလမ်း )ထိုးတဲ့စစ်ကြောင်းကတော့ ဖလမ်းမြို့နဲ့ (၁၀) မိုင်အကွာမှာ ရောက်ရှိနေပြီး၊ ကလေး -သိုင်းငင်း-တီးတိန်လမ်း က ထိုးတဲ့ စစ်ကြောင်းကတော့ ဖလမ်းမြို့နဲ့ (၂၇) မိုင် ကျော်အကွာအဝေးမှာရှိတဲ့ လုမ်ဘန်းနဲ့ ပါရ်းသဲရွာကြားကို ရောက်ရှိလာပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ဒါ့အပြင် တီးတိန်မြို့ပေါ်ကနေ တောလမ်းအတိုင်း ထိုးလာတဲ့စစ်ကြောင်းကတော့ တောလမ်းမှာပဲ ရှိနေပြီး ကလေးမြို့ကနေ မတ်လ ၁၀ရက်နေ့မှာ ထပ်ပို့တဲ့ စစ်အုပ်စုစစ်ကြောင်းရဲ့ အခြေအနေကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲက တော့ ဆက်ဖြစ်နေတယ်၊ကလေးက ဒီနေ့ ထိုးတဲ့ စစ်ကြောင်းကတော့ အထက်ထိတက်လာမလား ၊မသိရသေးဘူး ၊လေးလ ကျော်မှာ ဖလမ်းမြို့နားထိ မကပ်နိုင်သေးတာဆိုတော့ သူတို့ အခြေအနေကို သိလို့ထင်ပါတယ်”လို့သူကပြောပါတယ်။
စစ်အုပ်စုတပ်တွေက လမ်းတိုဖြစ်တဲ့ ကလေး-ဖလမ်း-ဝေဘူလမ်းမှာရှိတဲ့ ဝေဘူမြို့ကို ထိန်းချုပ်ထားပြီးတော့ ဝေဘူလလမ်းတစ်လျှောက်နဲ့ နတ်ချောင်း ၊နတ်မြောင်း ၊ထောက်ကြန့် ကျေးရွာတွေမှာ ဆုတ်လမ်းအတွက် ပြင်ဆင်ထားတယ်လို့လည်းသိရပါတယ်။

■ စစ်အုပ်စုက ထိုးစစ်ရည်ရွယ်ချက်ကဘာလဲ
ဒီလို လေးလေကျော်အကြာ စစ်အုပ်စုစစ်ကြောင်းထိုးနေတဲ့ အဓိကအကြောင်းအရင်းကတော့ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ သူတို့အလိုကျရွေးကောက်ပွဲမလုပ်နိုင်တဲ့ ဖလမ်းမြို့ကို ပြန်လည် စိုးမိုးနိုင်ဖို့ရည်ရွယ်သလို့ တဖက်ကလည်း ဆူရ်းဘုန်လေဆိပ်ကို ခြေကုပ်ယူနိုင်ဖို့နဲ့ အိန္ဒိယ -မြန်မာ ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိဒ်ခေါ်ဒါရ်မြို့ကို ပြန်လည် ထိန်းချုပ်ဖို့ကြိုးစားနေတာ ဖြစ်မယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပါတယ်။ဒါ့အပြင် စစ်အုပ်စုဟာ ပြည်နယ်မြို့တော် ဟားခါးနဲ့ တီးတိန်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ ပြန်လည်ကြိုးစားနေတာကြောင့် ချင်းပြည်နယ်အတွင်း စစ်အုပ်စုကင်းစင်ရေး ကြိုးစားဆောင်ရွက်သွားမယ်လို့ ချင်းပြည်(Chinland) ကာကွယ်ရေးဝန်ကြီးဌာန ၊သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ Nai John Kim ကပြောပါတယ်။
“ဒီစစ်ကြောင်းကသုံးသပ်ရမယ်ဆိုရင်တော့ နောက်ဆုံးအကြိမ်လဲဖြစ်နိုင်တယ်။ဒီစစ်ကြောင်းကို ကျနော်တို့ဘက်က ဖြိုနိုင်ခဲ့မယ်ဆိုရင်တော့ နောက်ထပ် တက်နိုင်ဖို့ကမလွယ်တော့ဘူး ၊ဒါကြောင့် ကျနော်တို့ ချင်းညီနောင်ရယ် ၊ချင်းလဲန်းအစိုးရရယ် ဘာညာဆိုတာထက် ရှိနေတဲ့ စစ်ကောင်စီကို ကျွန်တော်တို့ ဘယ်လိုတိုက်ထုတ်မလဲ ချင်းပြည်နယ်ကနေ လုံးဝပပျောက်နိုင်အောင် ၊ဒါက ရည်ရွယ်ချက် နံပါတ်တစ်ထားရမှာပဲ ၊ဟိုအဖွဲ့အစည်း ၊ဒီအဖွဲ့အစည်းလက်ညှိုးထိုးတဲ့အရာက ဘာမှ အရာမရောက်ပါဘူး ၊ကျနော်တို့ အတွက် ဒါတွေက အဖြေ မဟုတ်သလို ၊ချင်းပြည်နယ်ရဲ့ စည်းလုံးခြင်း အဖြေလဲမဟုတ်ဘူး။ဒီအတွက် ကျနော်တို့ ဘယ်လို အတူတစ်ကွ တိုက်ပွဲဝင်မယ်ဆိုတာက ဘယ်လို လွတ်မြောက်အောင်လုပ်မယ်ဆိုတာက အဓိက ရည်ရွယ်ချက်ပါပဲ”လို့ Nai John Kim ကပြောပါတယ်။



