မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တောင်ဘက်ပိုင်း၊ မန္တလေး – မိုးကုတ် ကားလမ်းရှိ၊ ချောင်းကြီးကျေးရွာကို ဒီကနေ့ နေ့လည်ပိုင်း အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ နှစ်ကြိမ် ဗုံးကြဲတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၂၅ရက် ဒီကနေ့ မွန်းလွဲ ၁နာရီဝန်းကျင်မှာ တိုက်လေယာဉ်နှစ်စီး နှစ်ကြိမ် ဗုံးကြဲတာဖြစ်ပြီး ပထမအကြိမ် ဗုံးကြဲခံရမှုမှာ ထိခိုက်သူ မရှိပေမယ့် ဒုတိယအကြိမ် ဗုံးကြဲမှုမှာ ရော့ကတ်နဲ့ပါ ပစ်ခတ်သွားပြီး ဒေသခံပြည်သူ အမျိုးသားနှစ်ဦး ဒဏ်ရာရကာ အိုးအိမ် အဆောက်အဦးတွေနဲ့ ရွှေချက်ကန် တချို့ မီးလောင် ပျက်စီးတယ်လို့ ဆိုပါတယ်။
“ရော့ကတ်တွေ သုံးသွားတယ် ထင်တာပဲ၊ ချက်ကန်တဲ တစ်လုံး မီးလောင်ပြာကျတယ်၊ လူတစ်ယောက် ခြေထောက် ထိသွားတယ် ကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ချောင်းကြီးရွာ အပါအဝင် သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာနယ်က စစ်စခန်းတွေ၊ မြို့ရွာတွေနဲ့ မန္တလေး – မိုးကုတ် ကားလမ်းကို ၂၀၂၄ နှစ်လယ်ပိုင်းက စလို့ တော်လှန်ရေး တပ်တွေက တိုက်ခိုက် သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီးနောက် စစ်အုပ်စုက အဲ့ဒီ စစ်ရှုံးလို့ လက်လွှတ်လိုက်ရတဲ့ မြို့၊ရွာတွေကို ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။
သပိတ်ကျင်းနယ် ၇မိုင်ရွာနဲ့ တွင်းငယ်ရွာအနီးတဝိုက် နောက်ဆုံးလက်ကျန် စစ်စခန်းတွေမှာ တစ်နှစ်ကျော်ကြာ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ လေကြောင်းအားကိုးနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်းယူနိုင်ပြီးနောက် သပိတ်ကျင်းနယ်ထဲ ဆက်လက် နယ်မြေချဲ့ထွင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက သပိတ်ကျင်းနယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ် ပြန်လည် ခြေချနိုင်ဖို့ ကြိုးစားနေပြီး ၇မိုင်ရွာဘက်ကနေ ဇရပ်ကွင်းရွာဘက် အပြင်းအထန် ထိုးစစ်ဆင်နေသလို မန္တလေး -မိုးကုတ် – ဖော့တော လမ်းဆုံနေရာကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဇရပ်ကွင်းရွာ အပါအဝင် မန္တလေး – မိုးကုတ် ကားလမ်းပေါ်က ကျေးရွာတွေကို စစ်အုပ်စုက နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲတာ၊ ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေ လုပ်နေလို့ ဇရပ်ကွင်း၊ ကျောက်ဖြာ စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
သပိတ်ကျင်းနယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က ချောင်းကြီးကျေးရွာကို စက်တင်ဘာ ၂၅ရက် မွန်းလွဲပိုင်းမှာ စစ်အုပ်စုက တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲခဲ့စဉ်/Photo – Vomdy



