စစ်ကိုင်းသတင်း

တန့်ဆည်နယ် ကံထူးမရွာ လေကြောင်းတိုက်ခံရပြီး သေဆုံးသူ ရှစ်ဦးနဲ့ ဒဏ်ရာရသူ ၁၂ ဦးရှိလာ

ထက်ဖြိုး/MFP ၊ စက်တင်ဘာ – ၂၆

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်အုပ်စုက စက်တင်ဘာလ ၂၆ ရက် ဒီကနေ့မနက် ၁၂ ခွဲလောက်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်တာကြောင့် အရပ်သား ရှစ်ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရတယ်လို့ အလောင်းတွေကို မြေပြင်မှာ ရှင်းလင်းရေးလုပ်နေသူတွေက ဆိုပါတယ်။

သေဆုံးသူတွေဟာ ဗုံးစထိမှန်တဲ့ နေရာမှာပဲ ပုံပျက်ပန်းပျက်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မြေကြီးထဲ နစ်မြုပ်နေသလို ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးထဲမှာတော့ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ သုံးဦးပါဝင်ပြီး သူတို့ကို ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေအထဲမှာ ကလေးကျောင်းကြိုသွားကြသူတွေ စျေးသည်နဲ့ ပန်းရံအလုပ်သမားတွေအပြင် ဒေသခံအမျိုးသမီး လူငယ်တစ်ဦး ပါဝင်တယ်လို့ MFP က ကနဦး စုံစမ်းသိရှိရပါတယ်။

“ အလောင်းကတော့ ငါးလောင်းတွေ့တာ၊ ဘော်ဒီအလုံးလိုက် ပြန်မရဘဲ အတိုအစတွေကတော့ သုံးလောင်းတွေ့တယ်။ အားလုံးပေါင်း ရှစ်လောင်းပေါ့နော်။ နိုဘယ်ဝမ်း ပန့်ဆိုင် ပိုင်ရှင် သမီး ၁ဦး သေဆုံး

ကုန်စျေးသယ် အမျိုးသမီးတစ်ဦး လည်းပါပါတယ်။ ဇွဲထက်ဆိုတဲ့ ကိတ်မုန့်ဆိုင်ရယ်၊ ဆီပန့်ခ်ဆိုင်ရယ် အဲဒီနားက လက်ရှိဆောက်နေတဲ့ နှစ်ထပ်တိုက်ရယ် ပျက်စီးသွားပါတယ်။ ကျန်တာတွေကတော့ အမိုးလန်အကာလန်ကတော့ သုံးလုံးလောက် ရှိပါတယ်” လို့ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက ကံထူးမရွာအတွင်းက ပန့်ဆိုင်(ဆီဆိုင်)နဲ့ အအေးဆိုင်ကို ဗုံးကြဲပစ်ခတ်သွားတာဖြစ်ပြီး အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားလေးဦးတို့ရဲ့ အလောင်းတွေကို ကောက်ယူပြီးသဂြိုလ်ဖို့ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

ကံထူးမရွာအပါအဝင် အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာ မရှိဘဲ စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် ဒေသခံတွေဟာ လေကြောင်းရန်ကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

နယ်မြေရဲစခန်းလည်းရှိတဲ့ ကံထူးမရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတွေက အထိုင်စခန်းချထားခဲ့ရာက ၂၀၂၄ မတ်လအတွင်းမှာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းယူပြီး စိုးမိုးထိန်းချုပ်ထားဖြစ်ပါတယ်။

Related Articles

Back to top button