ထက်ဖြိုး/MPF ၊ MFP ၊ စက်တင်ဘာ – ၂၆
ကြားကာလ စစ်ကိုင်းဖဒရယ်ယူနစ်အစိုးရအဖွဲ့၊ ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ စိစစ်ရွေးချယ်ရေးကော်မရှင်ကို လာမယ့် အောက်တိုဘာလအတွင်းမှာ ဖွဲ့စည်းအတည်ပြုသွားမှာဖြစ်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌဖြစ်တဲ့ ဦးမြင့်ထွေးက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ယူနစ်လွှတ်တော်က အတည်ပြုပြဌာန်းခဲ့ပြီးနောက် စစ်ကိုင်းယူနစ်အစိုးရအဖွဲ့ ပေါ်ပေါက်လာဖို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ကြိုးပမ်းလာတာပဲဖြစ်ပါတယ်။
“မကြာခင်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကနေပြီးတော့ ၁/၂၀၂၅ စစ်ကိုင်းကနေပြီးတော့ အထူးအစည်းအဝေးခေါ်ယူပြီးတော့ စိစစ်ရွေးချယ်ရေးကော်မရှင်တွေကို အတည်ပြုမှာဖြစ်ပါတယ်ဗျ”
စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်ကို ဖွဲ့စည်းရာမှာ ပါဝင်ရမယ့် အစုအဖွဲ့တွေကို စစ်ကိုင်းယူနစ်ဥပဒေရဲ့ အခန်း(၅) ပုဒ်မ ၆၇ မှာ ရေးဆွဲသတ်မှတ်ပေးထားပါတယ်။
အဲဒီ စိစစ်ရွေးချယ်ရေးကော်မရှင်မှာဆိုရင် စစ်အုပ်စုနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိတဲ့ ၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ CDM နိုင်ငံ့ဝန်ထမ်းတွေ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)အဖွဲ့၊ သပိတ်အင်အားစုတွေနဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အချိုးကျ ပါဝင်ရမယ်လို့ ပြဌာန်းထားပါတယ်။
စိစစ်ရွေးချယ်ရေးကော်မရှင်အဖွဲ့ကို အောက်တိုဘာလ အတွင်းမှာ အထူးအစည်းအဝေးခေါ်ယူပြီး ဖွဲ့စည်းသွားမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်းမှာတော့ ကြားကာလစစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုး ပေါ်ပေါက်လာမှာဖြစ်တယ်လို့ ဦးမြင့်ထွေးက ဆိုပါတယ်။
ကော်မရှင်ဖွဲ့စည်းပြီးနောက်မှာ အချိန်ဘယ်လောက်အတွင်း ယူနစ်အစိုးရပေါ်ပေါက်ရမယ်လို့ ဥပဒေအရ ကာလသတ်မှတ်ပြဌာန်းချက်မရှိပေမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာပဲ အစိုးရအဖွဲ့ပေါ်ပေါက်လာဖို့ ရှိတယ်လို့ ပြောပါတယ်။
ပသုံးလုံးလို့ လူသိများတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့- ပအဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖဆိုပြီး စစ်ကိုင်းယူနစ်အတွင်းမှာ ရှိကြပါတယ်။
စစ်ကိုင်းယူနစ်အစိုးရပေါ်ပေါက်လာပါက ယူနစ်အတွင်းမှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ အဖွဲ့အစည်းတွေကို ယူနစ်အစိုးရက စီမံခန့်ခွဲခြင်းတွေ ဆက်လက် လုပ်ဆောင်ဖို့ ပုဒ်မှာ ၉၅ မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် စစ်ကိုင်းယူနစ်အတွင်းမှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ အဖွဲ့အစည်းတွေဟာ ယူနစ်အစိုးရ လက်အောက်က အုပ်ချုပ်ရေးယန္တရားတွေ အဖြစ်ပေါ်လာမှာလည်းဖြစ်ပါတယ်။
ကျန်ရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ တွေကိုတော့ ဘယ်လိုထားရှိမယ်ဆိုတာတော့ ဥပဒေတွေထဲမှာ တိတိကျကျ ဖော်ပြာထားတာတော့ မတွေ့ရပါဘူး။
ပကဖနဲ့ ပလဖ အဖွဲ့အစည်းတွေဟာ လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တာကြောင့် ကာကွယ်ရေးနဲ့ လုံခြုံရေးအခန်းမှာ ပါဝင်နိုင်ပါတယ်။
အခန်း(၉) ပုဒ်မ ၁၃၉ မှာ ပြဌာန်းထားတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအပိုင်းမှာဆိုရင် စစ်ကိုင်းယူနစ်အစိုးရရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် လက်နက်ကိုင်အဖွဲ့တွေကို အမျိုးသာညီညွတ်ရေးအစိုးရ နဲ့ ညှိနှိုင်းတိုင်ပင်ပြီးဖွဲ့စည်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
“ယူနစ်အတွက်ကတော့ လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ပေါ့ဗျာ။ တပ်မတော်နဲ့ တပ်ဖွဲ့ကြားမှာလည်း အဓိပ္ပါယ်ကလည်း အများကြီး ကွာဟချက်ရှိပါတယ်။ ကျနော်တို့က လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ကို ယူနစ်အဆင့် ဖွဲ့စည်းသွားဖို့ တာဝန်လည်းရှိတယ်။ ဝတ္တရားလည်းရှိတယ်။ ဥပဒေအရလည်း ပေးအပ်ထားတယ်။ စနစ်အရလည်း လုပ်လို့ရတယ်။ ကျနော်တို့ရဲ့ သဘောထားအရလည်း ဆောင်ရွက်လိုစိတ်ရှိတယ်။ ပြည်နယ်ကိုကာကွယ်ဖို့ ပြည်နယ်အတွင်းမှာရှိတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကို မြင့်တင်ပေးဖို့ဆိုတာကတော့ နွေဦးတော်လှန်ရေးအမြန်အောင်မယ့်၊ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပိုမိုဖြစ်ထွန်းစေမယ့် အကြောင်းအရာကို ဖန်တီးပေးဖို့ ကျနော်တို့လည်း စိတ်ဆန္ဒရှိတယ်” လို့ စစ်ကိုင်းယူနစ်လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးက ပြောပါတယ်။
စစ်ကိုင်းယူနစ်အပါအဝင် အညာဒေသက တစ်ဆက်တည်းရှိနေတဲ့ မန္တလေးနဲ့ မကွေးဒေသတွေမှာလည်း ပြည်နယ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) ဆိုတဲ့ အသွင်သဏ္ဍာန် ချဉ်းကပ်မှုတွေနဲ့ ကြိုးပမ်း လုပ်ဆောင်နေကြပါတယ်။
မန္တလေးတိုင်းမှာဆိုရင် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံကို စက်တင်ဘာ ၁၆ ရက်မှာ မန္တလေးလွှတ်တော်ကိုယ်စားပြုကော်မတီ – CRMH က အတည်ပြု ပြဌာန်းထားသလို မကွေးတိုင်းမှာ တော့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ(မူကြမ်း) တစ်ရပ်ကို ဇူလိုင်လအတွင်းက လွှတ်တော်ကို တင်သွင်းထားပါတယ်။
မန္တလေး၊ စစ်ကိုင်း၊ မကွေး အစရှိတဲ့ ဗမာလူမျိုးအများစု နေထိုင်တဲ့ ဒေသတွေအပြင် ၁၀၂၇ စစ်ဆင်ရေး အစိတ်အပိုင်းနှစ်ခုလုံးမှာ သိမ်းပိုက်ရရှိခဲ့တဲ့ မြို့နယ်တွေကို အရပ်ဘက် အုပ်ချုပ်ရေး အကောင်အထည် ဖော်ဆောင်နိုင်စေဖို့နဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာစေဖို့အတွက် ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)ကလည်း ကြိုးစားနေပါတယ်။
ဒါကြောင့် တအောင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီ (TPCC)က ဦးဆောင်ကာ တအောင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းကို ၂၀၂၃ မတ်လက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာနနဲ့ TNLA ထိပ်ပိုင်းခေါင်းဆောင်တို့ ဆွေးနွေးခဲ့ကြပါတယ်။



