သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအရေးအပြင် ဖက်ဒရယ်အရေးပါ ထည့်သွင်းလုပ်ဆောင်ကြဖို့ ယာယီသမ္မဒူဝါလရှီးလ တိုက်တွန်း

ထက်ဖြိုး/MFP ၊ စက်တင်ဘာ – ၂၇

မြန်မာ့တော်လှန်ရေးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ အရေးကိစ္စတင် ရောင့်ရဲတင်းတိမ်လို့ မရတော့ဘဲ ဖက်ဒရယ်အရေးပါ ထည့်သွင်းလုပ်ဆောင်ကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တည်ထောင်ခြင်း ၃၇ နှစ်ပြည့်အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

ဖက်ဒရယ်အရေးကိစ္စဟာ မြန်မာလူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အနာဂတ် လားရာကောင်းကို ဖန်တီးပုံဖော်နိုင်မှာဖြစ်တယ်လို့ ဒူဝါလရှီးလက မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

လက်ရှိ ဖြတ်သန်းနေတဲ့ နွေဦးတော်လှန်ရေးဟာ အတိတ်သမိုင်းမှာ ကြိုးပမ်းခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့အဆက် ဖြစ်ပါတယ်။ ဒါ့ကြောင့် ရှေ့မျိုးဆက်ခေါင်းဆောင်တွေ ကြိုးပမ်းတည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ပခုံးပြောင်း တာဝန်ယူခြင်းလည်းဖြစ်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။

အဲဒီထက်ပိုပြီး ကျယ်ပြန့်လာတာက ဒီနွေဦးတော်လှန်ရေးမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအရေးနဲ့တင် ရောင့်ရဲတင်းတိမ်လို့မရတော့ဘဲ ပိုပြီးနက်ရှိုင်းလာတာကတော့ ဖက်ဒရယ်အရေးကိုပါ ကျယ်ကျယ်ပြန့်ပြန် ရှုမြင်လာကြတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာရှိတဲ့ အင်အားစုအားလုံးရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတို့မှာ ခိုင်မာတဲ့ နိုင်ငံရေး ပဋိညာဉ်တွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိလာဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါဝင်ဆောင်ရွက်မှုတွေဟာ ပြည်ထောင်စုတစ်ခုလုံးအတွက် အထူးအရေးကြီးတယ်လို့ ပြောဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိုလည်း ကြိုးပမ်းနေကြဆဲဖြစ်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button