အီသာရမ်/MFP ၊စက်တင်ဘာ-၂၉
မကွေးတိုင်း၊ မင်းတုန်းနယ်မှာ ပုသိမ်-မုံရွာ လမ်းအတိုင်း ဖြတ်သန်းမောင်းနှင်လာတဲ့ အိမ်စီးကားပေါ်မှာ စစ်အုပ်စုတွေ လိုက်ပါလာတာကြောင့် စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကားတစ်စီးနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ United States Of Burma Army – USBA က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့ည ၁၁ နာရီခန့်က မင်းတုန်းမြို့ကနေ ကျောက်တိုင် စစ်အုပ်စုအထိုင်စခန်းကို ဦးတည်မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို ပုသိမ်-မုံရွာလမ်းမှာ တော်လှန်ရေးတပ်တွေက တားဆီးချိန်မှာ စစ်အုပ်စုကားပေါ်ကနေ စတင်ပစ်ခတ်တာဖြစ်တယ်လို့ United States Of Burma Army – USBA အဖွဲ့တာဝန်ခံ ကိုဗဟိန်းက ပြောပါတယ်။
“စပစ်တာက သူတို့က စပစ်တာပါ၊ဖြစ်တာကတော့ ညမှာပေါ့နော် သိမ်းဆည်းရမိတဲ့ကားကို မီးရှို့တာကတော့ အခုမနက်မှပါ”
စစ်အုပ်စုကားက စတင်ပစ်ခတ်ချိန်မှာ တော်လှန်ရေးတပ်တွေက ပြန်လည်ပစ်ခတ်ခဲ့ပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ စစ်အုပ်စုတွေ ထိခိုက်ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
အဲဒီထိခိုက်ဒဏ်ရာရသွားတဲ့ စစ်အုပ်စုတွေကို မင်းတုန်းမြို့က စစ်အုပ်စုတွေက ကားတစ်စီးနဲ့ လာရောက်ခေါ်ဆောင်သွားပြီး မင်းတုန်းမြို့ဘက်ကို ပြန်သွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုစီးနင်းလာတဲ့ ကားနဲ့အတူ ၄၀ မမ ဗုံးသီ ငါးလုံး၊ ဖုန်းတစ်လုံး၊ ပိုက်ဆံ နှစ်သိန်းခြောက်သောင်းကျပ်၊ လက်ထိပ်တစ်စုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ပုသိမ်-မုံရွာ လမ်းပိုင်းနဲ့ မင်းတုန်းမြို့နယ်ထဲက ခရီသွားပြည်သူတွေ အနေနဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားတဲ့ လမ်းပိုင်း တားမြစ်ချက်စည်းကမ်းချက်တွေကို တော်လှန်ရေးတပ်တွေနဲ့အတူပူးပေါင်းလိုက်နာကြဖို့ တိုက်တွန်းကြောင်းကို USBA အဖွဲ့က ဆိုပါတယ်။
Photo – USBA
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



