အီသာရမ်/MFP ၊စက်တင်ဘာ-၂၉
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက တွင်းမပျူစောထီးစခန်း အထိုင်စခန်းကနေ ထွက်လာတဲ့စစ်အုပ်စုနဲ့ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုသုံးယောက်သေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရမိတယ်လို့ မြိုင်ပကဖက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီခန့်က မြိုင်မြို့နယ် တောင်ပိုင်း တွင်းမပျူစောထီးစခန်းအထိုင်တစ်ခုဖြစ်တဲ့ ဘုန်းကြီးကျောင်းကနေ ထွက်လာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုသုံးယောက်ခန့် မျက်မြင်သေဆုံးတယ်လို့ တိုက်ခိုက်ရေးမှာဦးဆောင်ပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု-PLC က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ထိခိုက်မှုကတော့ သုံးယောက်ထပ်မနည်းရှိပါတယ်၊သေနတ်က တစ်လက်ပဲရခဲ့တာပါ၊သူတို့က နောက်ပြန်ဆုတ်သွားတာပါ ရှေ့ကတတ်လာတဲ့သူတွေက လဲကျသွားတာဆိုတော့။အခုသေဆုံးတာတွေက ပျူစောထီးမပါဘူး စစ်ခွေးတွေပဲ၊ကူတိုဘုန်းကြီးကျောင်းမှာ နေတဲ့ စစ်ခွေးတွေပဲ”
တွင်းမပျူစောထီးစခန်းမှာ စာသင်ကျောင်းအထိုင်နဲ့ ကျေးရွာဘုန်းကြီးကျောင်းတို့မှာ စစ်အုပ်စုအထိုင်တို့ရှိကြပြီး အခု သေဆုံးတဲ့ စစ်အုပ်စုတွေက ဘုန်းကြီးကျောင်းမှာ အထိုင်စခန်းချထားတဲ့ စစ်အုပ်စုတွေဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ စစ်အုပ်စုတွေဆီက MA1 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ပြီး ကျန်တဲ့ စစ်အုပ်စုနဲ့ပျူစောထီးတွေက နောက်ပြန်ဆုတ် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ တပ်ခွဲ(၁) ၊ တပ်ခွဲ (၂) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ ကမ္မတပ်ပေါင်းစု နဲ့ 8+ တပ်ပေါင်းစု တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



