မကွေးသတင်း

ပေါက်နယ်မှာ တစ်ပတ်အတွင်း စစ်အုပ်စုစစ်ကြောင်းတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့ စခန်းနှစ်ခုနဲ့ ရဲဘော်ခုနစ်ဦး လက်လွှတ်ဆုံးရှုံးခဲ့ရ

အီသာရမ်/MFP ၊စက်တင်ဘာ-၂၉

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်အုပ်စုစစ်ကြောင်းတွေကြောင့် စက်တင်ဘာလ ၂၂ ရက်နဲ့ ၂၅ ရက်နေ့အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့စခန်းနှစ်ခုနဲ့ တော်လှန်ရေးရဲဘော်ခုနစ်ဦးခန့် ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပေါက်မြို့နယ်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ -၂၄ ကနေ စစ်အုပ်စုနဲ့ပျူစောထီးတွေ ပူးပေါင်းထားတဲ့ စစ်ကြောင်းတွေက ပေါက်မြို့နယ်နဲ့ထီးလင်းနယ်အစပ်က ကျင်းနတ်ထိပ်က ကပစ ကာကင်းစခန်းအနီးကို စစ်ကြောင်းတွေ ဖြန့်ထားပြီး စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့မှာ စစ်အုပ်စုနဲ့ပျူစောထီးစစ်ကြောင်းဟာ ကျင်းနတ်ထိပ်ကင်းစခန်းကနေ ရေဖြူကျေးရွာကို စစ်ကြောင်းထိုးပြီးနောက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့်
တော်လှန်ရေးရဲဘော် လေးဦးကျဆုံးခဲ့ပြီး တပ်ဖွဲ့စခန်းတစ်ခု ဆုံးရှုံးလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ထိတွေ့မှုတော့ဖြစ်သေးတယ်။ အင်အားမမျှတာတာလည်းပါတာပေါ့။ ရဲဘော်တွေလည်း သူ့တို့တက်နိုင်စွမ်းရှိသလောက်တော့ ခုခံသေးတာ‌ပေါ့ လေးဦးကျသွားတယ်။ ကာကွယ်ရေးတပ်စခန်းတစ်ခုလိုပဲ ပြောရမှာပါဘဲ။ တစ်ပတ်အတွင်း စခန်းနှစ်ခုပေါ့”

စခန်းဆုံးရှုံးမှုနဲ့အတူ စခန်းအတွင်းမှာ ကျန်နေခဲ့တဲ့ လက်နက်ခဲယမ်းတချို့လည်း ဆုံးရှုံးလိုက်ရပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ပေါက်မြို့နယ် အရှေ့ပိုင်း ယာကြီးပြင်ပျူစောထီးစခန်းက စစ်အုပ်စုနဲ့ပျူစောထီးစစ်ကြောင်းက ယာကြီးပြင်ကျေးရွာအနီးက တော်လှန်ရေးတပ်‌ဖွဲ့စခန်းကို စီးနင်းဝင်ရောက် သိမ်းပိုက်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်းဝင်ရောက်လာချိန်မှာ တော်လှန်ရေးတပ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သလို လက်နက်ခဲယမ်း‌ အများအပြားနဲ့ တခြားဆက်စက်ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်ကို ပခုက္ကူတပ်မ ၁၀၁ က စစ်အုပ်စုခန့်မှန်းအင်အား တစ်ထောင်ကျော်ခန့်နဲ့ ကားအစီးရေ တစ်ရာကျော်ပါ ရိက္ခာစစ်ကြောင်းက လမ်းခရီးမှာ နှစ်လကျော်ကြာ ဖြတ်သန်းရောက်ရှိကာ ကပစ တွေကို စစ်အုပ်စုအင်အားတွေ တိုးချဲ့ထားခဲ့ပြီး အခုလို စစ်ကြောင်း‌ထိုးမွှေနှောက်နေတာ ဖြစ်ပါတယ်။

ကျင်းနတ်ထိပ်ကာကင်းစခန်းက ထီးလင်းနယ်နဲ့ပေါက်နယ်အစပ်မှာရှိပြီး စစ်အုပ်စုကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ -၂၄ ရဲ့ ကာကင်းစခန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်တွေက ၂၀၂၅ ခုနှစ် မေလထဲမှာ
သိမ်းပိုက်ထားတာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုက ပြန်လည်သိမ်းပိုက်သွားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ကပစ -၂၄ ကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းက ပလောင်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ‌ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ သုံးဦးကို ညတွင်းချင်းသတ်ဖြတ်ပြီးနောက် တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးရမိတာဖြစ်တယ်လို့ စစ်အုပ်စုထောက်ခံသူတွေက တယ်လီဂရန်ချန်နယ်တွေမှာ ဝါဒဖြန့်ထားပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့က ပေါက်နယ်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်အုပ်စုစီးနင်းသိမ်းပိုက်ခဲ့ပုံကို တယ်လီဂရန်ချန်နယ်တွေမှာ ထုတ်ပြန်ထားပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button