စစ်ကိုင်းသတင်း

တန့်ဆည် ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှုမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် သေဆုံးသူ ၁၂ ဦးရှိလာ

ထက်ဖြိုး/MFP ၊ စက်တင်ဘာ – ၂၉

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာ လေကြောင်းတိုက်ခံရမှုမှာ ဒဏ်ရာရသူတွေအထဲက ကိုယ်ဝန်သုံးလ လွယ်ထားရတဲ့ မိခင်ဖြစ်သူပါ ထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိလာတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ကံထူးမရွာက ဆီပန့်ဆိုင်အပါအဝင် နေအိမ်တွေကို စက်တင်ဘာလ ၂၆ ရက်နေ့က စစ်အုပ်စုက ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သုံးလ လွယ်ထားရတဲ့ မစံထိပ်ထားဝေဟာ ဒဏ်ရာ အပြင်အထန်ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဉ်မှာ သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နိုဘယ်ဝမ်းပန့်ဆီဆိုင်က ပိုင်ရှင်နဲ့ သမီးဖြစ်သူမစံထိပ်ထားဝေတို့ သားအဖ နှစ်ဦး သေဆုံးခဲ့ရတာဖြစ်တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“ဖြစ်ဖြစ်ချင်းတုန်းက ရှစ်ယောက်သေဆုံးတာ။ လူစစ်ကြည့်လိုက်တော့ ဆီဆိုင်ပိုင်ရှင်ပါ ပျောက်သွားတာ။ နောက်ပိုင်း လက်တစ်ဖက်ရလိုက်တော့ အဲဒီလက်က သူ့လက်ဖြစ်နေတာ။ အဲဒီတော့မှ သူ့ကို သေဆုံးစာရင်းထဲထည့်လိုက်တော့ ညမှာ ကိုးယောက်ဖြစ်သွားတာပေါ့။ နောက်ထပ် ဆေးကုသတဲ့ နှစ်ယောက်က ထပ်ဆုံးတာပေါ့”

ဒဏ်ရာရရှိသူ ကိုးဦးကတော့ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ဘဲ ဆေးကုသမှု ဆက်လက်ခံယူနေကြရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၁၁ ဦးထဲမှာ ခြောက်ဦးရဲ့ အလောင်းကိုယ်ထည်ကို ရရှိပေမဲ့ ကျန်တဲ့လေးလောင်းကတော့ ဘယ်သူဘယ်ဝါရယ်လို့ မသိရနိုင်တော့အောင် အစအနတွေအဖြစ် ပြန့်ကြဲကုန်တယ်လို့ မြေပြင်မှာ ရှင်းလင်းရေးလုပ်ပေးသူတွေက ဆိုကြပါတယ်။

လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ကံထူးမရွာလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက အပြင်းအထန်ဝေဖန်နေကြပေမဲ့ စစ်အုပ်စုကတော့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button