မန္တလေးသတင်း

မြင်းခြံနဲ့စဉ့်ကူးနယ်ကို စစ်အုပ်စုလေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း ခြောက်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

လူသစ်/MFP ၊စက်တင်ဘာ-၂၉

မန္တလေးတိုင်းအတွင်းက မြင်းခြံနဲ့ စဉ့်ကူးမြို့မြို့နယ်တို့ကို စစ်အုပ်စုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ရက်အတွင်း အရပ်သားခြောက်ဦး သေဆုံးကာ ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံမြို့နယ်က ညောင်ပင်ရွာကို စက်တင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဒရုန်းနဲ့ဗုံးကြဲ ခဲ့တာကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၄၀ အရွယ် သားဖြစ်သူတ်ို့ သေဆုံးခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့မှာတော့ စဉ့်ကူးမြို့နယ်က ကံတောင်ကျေးရွာနဲ့ မာလဲကျေးရွာအနီးတို့ကို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ထဲ့တာကြောင့် အမျိုးသမီးလေးဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

တံတားဦးလေတပ်ကနေ ပျံသန်းလာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ကံတောင်ကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မိတ္ထီလာလေတပ်ကနေလည်း မာလဲကျေးရွာအနီးကို လေကြောင်းတိုက်ခိုက် ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

“ တိုက်ပွဲလည်း မဖြစ်နေတဲ့ နေရာကို ဗုံးကြဲတာက PDF ကို ကြဲတာမဟုတ်ဘဲ ပြည်သူကိုပဲ တမင်ကြဲတာလို့ မြင်ပါတယ်။ ပြည်သူတွေကို လေကြောင်းကနေ သတ်ဖြတ်နေတာ၊ ဒဏ်ရာရသူတွေကတော့ အရမ်းပြင်းထန်တဲ့သူတော့ မရှိပါဘူး”

လတ်တလော အခြေအနေအရ သေဆုံးဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို MFP အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

စစ်အုပ်စုဟာ TNLAနဲ့ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းအတွင်းက သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာနဲ့ မိုးကုတ်မြို့တို့ကို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တာတွေ နေ့စဉ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့က သပတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာကို လေကြောင်းတိုက်ခိုက်ခဲ့စဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button