မကွေးသတင်း

ရေကြီးရေလျှံမှုကြောင့်ရေနံချောင်းမြို့နယ်ကနေအိမ်လေးဆယ်ကျော်ပျက်စီး

လူသစ်/MFP ၊စက်တင်ဘာ-၃၀

မကွေးတိုင်း၊ ​ရေနံချောင်းမြို့နယ်မှာ မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံခဲ့တာကြောင့် နေအိမ်လေးဆယ်ကျော် ထိခိုက်ပျက်စီးသွားတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ 

မြို့မတောင်ကမ်းနား၊ မြို့မမြောက်၊ စလင်းတန်း၊ သပြေတန်း၊ ဆုံတိုက်ရပ်မြောက်ပိုင်း၊ ဂျုပ်ပင်ရွာနဲ့ ထိန်ချောင်းရွာ စတဲ့ရွာတွေကို စက်တင်ဘာလ ၂၇ ရက်နေ့ကတည်းက ရေဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ရေနံချောင်းမြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရေ ၈ ပေလောက်အထိ ဝင်ရောက်ခဲ့ပြီး ရေစီးနဲ့အတူ အသုံးအဆောင်ပစ္စည်းတချို့ မျောပါသွားတာကြောင့် အကူအညီတချို့လည်း လိုအပ်နေတယ်လို့ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ အိမ်တိုင်ကျွတ်ပါတာ မဟုတ်ပေမဲ့ ထရံတွေ ကွာကျ၊ နွားတဲတွေပြိုတယ်။ ခေါင်မိုးတွေ လန်ပြီး လေနဲ့အတူ ကွာကျသွားတယ်။ အဲဒီလိုတွေ ဖြစ်ခဲ့ကြတာပါ။  ၂၈ ရက်နေ့က ရေစကျပါတယ်။ ဒီနေ့ကတော့ တော်တော်လေး ကျသွားတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေကတော့ ဒူးခေါင်းလောက်ပဲ ကျန်တော့တယ်။ အခုလတ်တလောဆို စောင်၊ ခြင်ထောင်၊ အဝတ်အထည်၊ စားနပ်ရိက္ခာတွေ အရေးတကြီးလိုနေပါသေးတယ်”

ရေကြီးရေလျှံမှုကြောင့် နေအိမ်ထိခိုက် ပျက်စီးသူတွေကို ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေက အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အောင်ပန်းကျွန်းဆည် ကျိုးတာကြောင့် မဲဇလီပင်ရွာက မိသားစုဝင် ခုနစ်ဦး ရေစီးနဲ့အတူ မျောပါခဲ့ပြီး ခြောက်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo- Saya Ko Kyaw Lwin

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button