စစ်ကိုင်းသတင်း

ရေဦးနဲ့ တန့်ဆည်နယ်ကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊အညာဒေသမှာ ကုန်ကျစားရိတ် သက်သာတဲ့ ဂျိုင်ရိုကော်ပတာတွေ စတင်အသုံးပြုလာ

ထက်ဖြိုး/MFP ၊ စက်တင်ဘာ – ၃၀

စစ်ကိုင်းတိုင်း၊ရေဦးနဲ့ တန့်ဆည်နယ်အစပ်က ကျေးရွာတွေကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ ဗုံးလေးလုံးကြဲချတိုက်ခိုက်သွားတာကြောင့် ဖန်းခါဇင်ရွာက အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ တန့်ဆည်ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

ဂျိုင်ရိုကော်ပတာသုံးစီဟာ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ ဝင်းထဲကနေ ပျံတက်လာတာဖြစ်ပြီးရေဦးမြို့နယ်ထဲက ဖန်းခါဇင်ရွာ ဘုန်းကြီးကျောင်ဝင်းထဲကို ဗုံးကြဲချတိုက်ခိုက်ရာမှာ ရေချိုးနေတဲ့ ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးသွားတာဖြစ်တယ်လို့ ပလဖ တာဝန်ခံတစ်ဦးက ပြောပါတယ်။

“ရေချိုးနေတဲ့ ကလေးမလေးတစ်ယောက်တော့ ဆုံးသွားတယ်ဗျ။ အဲဒီတစ်ယောက်တော့ ထိခိုက်မှုရှိတယ်။ ဘုန်းကြီးကျောင်းကတော့ အကုန်ပျက်စီးသွားတာပေါ့။ ဘာမှတော့ တိုက်ပွဲဖြစ်တာ ဘာညာတော့ မရှိဘူးဗျ”

ဖန်းခါဇင်ရွာ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော်အပါအဝင် ဘယ်သံဃာမှ သတင်းသုံးနေထိုင်ခြင်းမရှိတော့တဲ့ ကျောင်းကို စစ်အုပ်စု
က ဗုံးကြဲ တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။

အလားတူ တန့်ဆည်မြို့နယ်ထဲက တနယ်ရွာကိုလည်း တစ်ချိန်တည်းမှာပဲ ဂျိုင်ရိုင်ကော်ပတာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တန့်ဆည်နယ်ကို လေကြောင်းကနေ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတာအပြင် ကန့်ဘလူမြို့နယ် ကာဘိုးရွာအထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကြောင်းဟာ တန့်ဆည်မြို့နယ် ရွှေတကျေးရွာထဲကို ဝင်ရောက်နေပြီတခြားရွာတွေဘက်ကို ဆက်လက်လှုပ်ရှားတာမတွေ့ရသေးဘဲ ရွှေတကျေးရွာထဲမှာပဲ ရှိနေသေးတယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

စစ်အုပ်စုအနေနဲ့ ပါရာမော်တာကို ၂၀၂၄ ခုနှစ်ကစလို့ အညာဒေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့သလို ဂျိုင်ရိုကော်ပတာတွေကို အညာဒေသမှာ အခုလထဲကစလို့ စတင်အသုံးပြုလာတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာထပ် ကုန်ကျစရိတ်သက်တာကြောင့် အညာဒေသကို အခုလို စက်တပ်လေထီးအပါအဝင် ဂျိုင်ရိုကော်ပတာတွေကို စစ်အုပ်စုအနေနဲ့ အသုံးပြုတိုက်လာတာဖြစ်ပြီး ပစ်ချနိုင်တဲ့ လက်နက်မရှိတာကြောင့်လည်း စစ်အုပ်စုက အခုလို ရဲရဲတင်းတင်းအသုံးပြုလာတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

စက်တပ်လေထီးတွေအသုံးပြုပြီး စစကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို ဗုံးကြဲတိုက်ခိုက်ရာမှာလည်း မုံရွာ-နမခ ခြံဝင်းထဲကနေပျံတက်လာပြီး ဘုတလင်၊ ကနီ၊ ဆားလင်းကြီး၊ ချောင်းဦး၊ အရာတော် စတဲ့ မုံရွာနဲ့ အနီးအနားဝန်းကျင်က မြို့နယ်တွေလောက်သာ ပျံသန်းဗုံးကြဲတာကိုတွေ့ရပြီး ရေဦးနဲ့ တန့်ဆည်နယ်ဘက်အထိ ပျံသန်းလာတာ မတွေ့ရဘူးလို့ ဆိုပါတယ်။ စက်တပ်လေထီးဟာ တစ်နာရီ မိုင် ၆၀ နီးပါးအထိ ပျံသန်းနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

လက်ရှိ စတင်အသုံးပြုလာပြီဖြစ်တဲ့ ဂျိုင်ရိုကော်ပတာဟာ စက်တပ်လေထီးထပ် ပိုပြီး ဝေးဝေးကို ပျံသန်းနိုင်တာကြောင့် ရေဦးနဲ့ တန့်ဆည်နယ်တွေဘက်အထိ ပျံသန်းလာပြီး ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျိုင်ရိုကော်ပတာကို ၁၉၃၀ ခန့်က တရားဝင်စတင်အသုံးပြုခဲ့ကြတာဖြစ်ပြီး အပျော်စီးမြန်နှုန်းနဲ့ အမြန်စီးမြန်နှုန်းဆိုပြီး နှစ်မျိုးရှိသလို အပျော်စီးမြန်နှုန်းဟာ တစ်နာရီ ၇၅ မိုင်ကနေ ၁၁၉ မိုင်အထိပျံသန်းနိုင်ပြီး အမြန်စီးမြန်နှုန်းကတော့ တစ်နိုင်ရီး မိုင် ၁၂၀ ကနေ ၁၄၀ အထိ ပျံသန်းနိုင်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button