MN/MFP ၊ စက်တင်ဘာ – ၃၀
စစ်ကိုင်းမြို့ပေါ်မှာ ပျူစောထီးဘုန်းကြီးဝေပုလ္လ ဦးဆောင်ပြီး လူငယ်တွေက ပေါ်တာဆွဲဖမ်းဆီးနေပြီး ဒီကနေ့ စက်တင်ဘာ ၃၀ ရက်မှာ ဒေသခံပြည်သူ ၁၅ ဦး ထပ်မံဖမ်းဆီး ခံလိုက်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၂၉ ရက် မနေ့ညနေပိုင်းက စစ်ကိုင်းမြို့ ချင်းစုရပ်နဲ့ ဧမြဝတီရပ်ကွက်တွေထဲမှာ ပျူဘုန်းကြီး ဝေပုလ္လ ဦးဆောင်တဲ့ စစ်အုပ်စုနဲ့ပျူတွေက လူငယ်အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့သလို တာရိုးကြီးအနောက်ခြမ်းရှိ ဘော်ဂါရပ်(တောင်-မြောက်)နဲ့ ငါးထပ်ကြီးဘုရားစတဲ့ ရပ်ကွက်တွေထဲမှာ လက်နက်ငယ်တွေပစ်ဖောက်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီနေ့တော့ မြို့ပေါ်မှာဆွဲနေတာ ၁၅ ယောက်ပါသွားတယ်လို့ ကြားရတယ်။ လမ်းသွားလမ်းလာတွေကို စောင့်ဖမ်းနေတာ။ လမ်းတွေမှာ တားစစ်ပြီးတော့ ဖမ်းနေတာပေါ့။ ပျူဘုန်းကြီး ဝေပုလ္လနဲ့အဖွဲ့တွေ သောင်းကျန်းနေကြတာ”လို့ စစ်ကိုင်းဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်ကိုင်းမြို့ပေါ်နေရာအနှံ့ကပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေကို ဒီကနေ့မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို ခေါ်ဆောင်သွားပြီး စစ်မှုထမ်းဖို့ အတင်းအကြပ် လက်မှတ်ထိုးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
စစ်ကိုင်းမြို့ပေါ်အနှံ့မှာ စစ်အုပ်စုက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် မြို့ခံပြည်သူတွေအနေနဲ့ အပြင်ထွက်သွားလာရာမှာ သတိထားသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
စစ်အုပ်စုနဲ့ပျူတွေက စစ်ကိုင်းမြို့ပေါ်က ဒေသခံလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေသလို ရတနာပုံတံတား(စစ်ကိုင်း)ပေါ်မှာပါ ခရီးပြည်သူတွေကို မှတ်ပုံတင်စစ်ဆေးပြီး လူငယ်တွေကို နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။
လက်ရှိ စစ်ကိုင်းမြို့ပေါ်မှာ စစ်အုပ်စုက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေသလို တဖက်မှာလည်း မြို့ပေါ်မှာ လာရောက်စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေကို ငွေကျပ် ခြောက်သောင်းပေး စည်းရုံးပြီး ရွေးကောက်ပွဲမှာ မဖြစ်မနေမဲလာထည့်ဖို့ လက်မှတ်ထိုးခိုင်းတာတွေလည်း လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက လာမယ့် ဒီဇင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းစာရွက်တွေ ဒီကနေ့ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်တွေမှာ စတင်ကပ်ထားပြီဖြစ်ပေမဲ့ မဲစာရင်းလာရောက်ကြည့်သူတွေ မရှိဘူးလို့ မြို့ခံတွေထံက သိရပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



