စစ်ကိုင်းသတင်း

နှစ်လကျော် စစ်ဘေးရှောင်နေရတဲ့ တမူးစစ်ဘေးရှောင် ခြောက်ထောင်ကျော် ဆေးဝါးနဲ့ အစားအသောက်ပြတ်လပ်

ကိုသူ/MFP ၊ အောက်တိုဘာ – ၁

မြန်မာ- အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ နှစ်လကျော်အကြာ  တောတောင်အတွင်း စစ်ရှောင်နေကြရတဲ့ ဒေသခံ ခြောက်ထောင်ကျော် ဆေးဝါးနဲ့ အစားအသောက်တွေ ပြတ်လပ်နေတယ်လို့ အကူအညီ ပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ခမိတ်၊ ပွတ်သာ၊ ရန်ငြိမ်းအောင်၊ နန်းမွန်းတား စတဲ့ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ‌ဒေသခံခြောက်ထောင်ကျော်ဟာ  ဇူလိုင်  ၂၀ ရက်နေ့ကနေ ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲလွတ်ကင်းရာ နေရာဖြစ်တဲ့ တောတောင်တွေအထဲမှာ ရက်ရှည် တိမ်းရှောင်နေရတာကြောင့် ဆေးဝါးနဲ့ အစားအသောက်တွေ ပြတ်လပ်နေတယ်လို့ အကူအညီပေးသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ခမိတ်က အိမ်ခြေ  ငါးရာလောက်ရှိတယ်။ ပွတ်သာက တော့  နှစ်ရာလောက် ရှိတယ်။ရန်ငြိမ်းအောင်လဲ နှစ်ရာလောက်ရှိတယ်။ နန်းမွန်းတားကတော့ အိမ်ခြေ  သုံးရာလောက်ရှိတယ်။ ရွာလုံးကျွတ် ထွက်ပြေးရတာ အဲ့ဒီရွာတွေက အခုထိ အိမ်ပြန်လို့ မရသေးဘူး။ စားတာကတော့ လှုတဲ့သူ ရှိမှာတာ စားနိုင်ကြတာ “

စစ်ဘေးရှောင်တွေအထဲမှာ ကျန်းမာရေးမကောင်းတဲ့သူ၊ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်တွေစတဲ့ လူပေါင်း  ၁၅၀၀ ကျော်အတွက် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေးမကောင်းတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ တောတောင်တွေအထဲမှာ ဖြစ်သလို နေထိုင်နေရပြီး ဆေးကုသမှုခံယူဖို့ ကလေးမြို့ကို သွားရောက်ရာမှာလည်း စစ်အုပ်စုက ဖမ်းဆီးစစ်ဆေးတာတွေ ရှိတယ်လို့ ခမ်းပတ်မြို့ခံ အမည်မဖော်လိုတဲ့  ပရဟိတသမားတစ်ဦးက ပြောပါတယ်။

“လမ်းက တော်တော်စစ်တယ်။ အရင်ဆို ယောကျာ်းလေးဆို ဖမ်းတယ်။ မိန်းကလေးဆို သိပ်မစစ်ဘူး၊ အခုကတော့ အဘွားကြီးတွေလောက် တင်ခိုင်းတယ်။ ဒါလဲ ထောက်ခံချက်တွေ ယူခိုင်းတယ်။ ပြခိုင်းတယ်။သွားကို မသွားရဲတော့တာ “

လက်ရှိအချိန်မှာတော့ တမူးမြို့နယ်တောင်ပိုင်း ကလေး-တမူးလမ်းကြောမှာ စစ်ရေးအခြေအနေ တင်းမာနေပြီး ပန်းသာ၊ နန်းမွန်းတား၊ နန်းဟံနွဲ့၊ ကံကြီးကျေးရွာ အနီးမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဒီလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ နေရပ်ကိုမပြန်ရဲသလို စက်တင်ဘာ  ၂၆ ရက်နေ့ကလဲ တမူးမြို့နယ် စျေးတန်းရပ်ကွက် ဘောလုံးကွင်းမှာ ဘောလုံးကစားနေတဲ့ လူငယ် ခုနစ်ဦးကို စစ်အုပ်စုဖမ်းဆီးသွားပြီး ဒီနေ့တိုင် သတင်းအစအန ပျောက်ဆုံးနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

တမူးမြို့နယ် အတွင်း အာဏာသိမ်းလေးနှစ်ကျော်အတွင်း စစ်အုပ်စုမီးရှို့ဖျက်ဆီးမှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စပါးတိုက်နဲ့ နေအိမ်အဆောက်အဦးတွေ အပါအဝင် နေအိမ် ၁၅၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ရက်ရှည် စစ်ဘေးရှောင်နေရသူ ၅၀၀၀၀ ကျော် ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button