အီသာရမ်/MFP ၊အောက်တိုဘာ-၁
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကျောတိုက်နယ်ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့က လေလံတင်ရောင်းချတဲ့ ကျွန်းသစ်တွေကို ရေစကြိုနယ်အစပ်မှာ ဖမ်းဆီးရမိတယ်လို့ Southern YSO PDF အဖွဲ့က အောက်တိုဘာ ၁ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့က ရေစကြိုနယ် လမ်းပိုင်းတစ်နေရာမှာ ကျွန်းသစ်တွေ သယ်ဆောင်လာတဲ့ ဆယ်ဘီးကားတစ်စီးကို ဖမ်းဆီးရမိတာဖြစ်ပြီး စစ်ဆေးမေးမြန်းတဲ့အချိန်မှာ စာရွက်စာတန်းတွေ အရ ဂန့်ဂေါမြို့နယ် ကျောတိုက်နယ် အုပ်ချုပ်ရေးအဖွဲ့ဆီက လေလံအောင်ခဲ့တဲ့ သစ်တွေကို ဦးအောင်ကိုလတ် နာမည်နဲ့စာရွက်စာတန်းတွေ တွေ့ရှိတာဖြစ်တယ်လို့ Southern YSO PDF အဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
“စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာ ကားသမားက မြောက်လူးကန်ကိုသွားရမှာ၊ အဲဒီမှာ ညအိပ်မှာပေါ့ ပစ္စည်းချပြီး မနက်မှပြန်လာမှာလို့ ပြောတာ။ အချက်အလက်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာလည်း လေယာဉ်ကွင်းမှာလည်း အဆောက်အဦးတွေ တည်ဆောက်စရာတွေရှိနေတယ်။ သူတို့က PDF ပိုင်တဲ့ ကောင်တွေပါဘဲ”
စစ်အုပ်စုပြင်ဆင်နေတဲ့ ပခုက္ကူလေယာဉ်ကွင်းဟာ လေယာဉ်ပြေးလမ်းအားလုံး ပြင်ဆင်ပြီးသွားပြီး အဆောက်အဦးတွေ ပြင်ဆင်ဖို့အတွက် အခုလို သစ်အရောင်းအဝယ် ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေ ဆီက လေလံအောင်ခဲ့တဲ့ ဦးအောင်ကိုလတ်က စစ်အုပ်စုဆီကို သစ်အရောင်းအဝယ် ပြုလုပ်ဖို့အတွက် ဆယ်ဘီးကားကိုလည်း သူ့ကိုယ်ပိုင်ကားနဲ့ပဲ တော်လှန်ရေးနယ်မြေတွေကို အခွန်ဆောင်ကာ ဖြတ်သန်းလာခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိထားတဲ့ ယာဉ်မောင်းကိုတော့ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးမှာဖြစ်သလို သစ်တွေကိုတော့ တော်လှန်ရေးအတွက် အသုံးပြုဖို့ သိမ်းဆည်းသွားမှာဖြစ်ပြီး ကားကိုတော့ ဦးအောင်ကိုလတ် က စစ်
အုပ်စုနဲ့ပူးပေါင်းနေတာမျိုး သက်သေထင်ရှားတယ်ဆိုရင် သိမ်းဆည်းသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
ကျွန်းသစ်တွေ ဖမ်းဆီးရမိတာနဲ့ပတ်သက်လို့ ကျောတိုက်နယ် ပအဖ ကို MFP က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



