သတင်း

ကျောက်မဲကို လက်လွှတ်လိုက်ရကြောင်း  TNLA အတည်ပြု

မယ်ပ/MFP၊ အောက်တိုဘာ – ၂

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲမြို့ကို စစ်အုပ်စုလက်ထဲ ပြန်စွန့်လွှတ်လိုက်ရကြောင်း ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အောက်တိုဘာလ ၂ ရက် ဒီနေ့မှာ MFP ကို အတည်ပြု ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကျောက်မဲမြို့ကို TNLA ကတိုက်ခိုက် သိမ်းယူခဲ့တာ ဖြစ်ပြီး တစ်နှစ်ကျော်အကြာမှာဘဲ စစ်အုပ်စုက ပြန်လည်သိမ်းပိုက်ထိန်းချုပ်သွားတာပဲ ဖြစ်ပါတယ်။

“ လောလောဆယ် ကျွန်မတို့ကတော့ ကျောက်မဲမြို့အပြင်ဘက်မှာ တပ်ဆုတ်ထားတဲ့ အခြေအနေပါ။ လက်ရှိလည်း မြို့ထဲမှာ စစ်ကောင်စီတွေ ဝင်ရောက်နိုင်တာမျိုးတွေ့ရပါတယ်။ “ လို့ လွေးယေဦးက ပြောပါတယ်။

အင်အားထောင်နဲ့ချီပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ကျောက်မဲမြို့ကို ရရှိဖို့ တစ်လခွဲနီးပါးအကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ အောက်တိုဘာ ၁ ရက်မှာတော့ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့က ကျောက်မဲမြို့နဲ့ သုံးမိုင်အကျော်မှာရှိတဲ့ ခိုမုန်းရွာကို စစ်အုပ်စုတပ်တွေ စီးနင်းပြီးနောက် ကျောက်မဲမြို့ကို ဝင်ရောက်သွားတာပါ။ နှစ်ဖက်တိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ TNLA တပ်သားတချို့ကိုတော့ ကျောက်မဲမြို့မရဲစခန်းမှာ ဖမ်းဆီးထားတာတွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဩဂုတ် ၂၇ရက် တရုတ်နိုင်ငံ ကူးမင်းမြို့မှာတရုတ်ကြားပွဲစား လုပ်မှုနဲ့ TNLAနဲ့ စစ်အုပ်စုတို့အကြား ထပ်မံ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ TNLAအနေနဲ့ ကျောက်မဲနဲ့ သီပေါကို စွန့်လွှတ်မယ်လို့ ဆွေးနွေးပြောကြားခဲ့ပေမယ့် စစ်အုပ်စုက မန်တုံနဲ့ နမ့်ဆမ်ကိုပါပေးဖို့ ထပ်တောင်းဆိုတာကြောင့်  ဆွေးနွေးပွဲမှာ ရလာဒ် မထွက်ခဲ့ပါဘူး။ 

စစ်အုပ်စုထောက်ခံတဲ့ လော်ဘီချန်နယ်တွေကတော့ စစ်အုပ်စုအနေနဲ့ ပြန်သိမ်းလိုက်တဲ့ ၁၀ ခုမြောက်မြို့အဖြစ် ကျောက်မဲမြို့ကို သိမ်းပိုက်ပြီးနောက် နိုင်ငံတော်အလံကို စိုက်ထူနိုင်ခဲ့တယ်လို့ အောင်ပွဲခံ ဝါဒဖြန့်ချီရေးသားနေသလို TNLAရဲ့ အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်းရမိထားတယ်လို့ ဖော်ပြရေးသားနေကြပါတယ်။

ကျောက်မဲမြို့ဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့နေရာလည်း ဖြစ်သလို စစ်အုပ်စုက နောင်ချိုမြို့ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လမှာ ကျောက်မဲကို အင်အားအလုံးအရင်းနဲ့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပါတယ်။

စစ်အုပ်စု ထိုးစစ်ဆင်လာတဲ့ အချိန်ကစပြီးကျောက်မဲမြို့က ဒေသခံ ၇၀ ရာခိုင်နှုန်းခန့်ဟာ  လွတ်ကင်းရာနေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီး အိမ်စောင့်အဖြစ် အနည်းအကျဉ်းသာ ကျန်နေခဲ့တာလည်းဖြစ်ပါတယ်။

စစ်အုပ်စုကတော့ တရုတ်အားကိုးနဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကို သာလွန်အင်အား အသုံးပြုပြီး အလွန်အကျွံ့ အသုံးပြုတိုက်ခိုက်ကာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကို ပြန်လည် သိမ်းယူနေတာပဲ ဖြစ်ပါတယ်။

ကျောက်မဲမြို့ကို သိမ်းပိုက်ပြီးနောက် စစ်အုပ်စုဟာ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နဲ့ မန်တုံမြို့တို့ကို အောက်တိုဘာလ ၂ ရက် ဒီနေ့မနက်ပိုင်းမှာ​ လေကြာင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး သုံးဦးသေဆုံးကာ ငါးဦးထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button