ဘဦး/MFP၊ အောက်တိုဘာ – ၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်း တောင်တွေဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ကြေးနီစက်ရုံတွေ စက်တင်ဘာ ၂၇ ရက်က ရှော့တိုက်ဒုန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရလို့ လုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားရာက အောက်တိုဘာ ၁ရက်မှာ ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီလို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ စပယ်တောင် စတဲ့ တောင်တွေကို ဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီကုမ္မဏီတွေရဲ့ လုပ်ငန်းတွေ လေးရက်ကြာ ယာယီရပ်နားခဲ့ပြီး အောက်တိုဘာ ၁ရက် ညပိုင်းမှာ ကြေးနီတူးဖော် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ပြန်လည်နေပြီလို့ ဆိုပါတယ်။
“လေးရက်နားပြီး ပြန်လည်တာဗျ။ ခုလောလောဆယ် ပြန်လည်ပတ်ပေမယ့် (တောင်ဖြိုဖို့) မိုင်းခွဲသံတော့ မကြားရသေးဘူး။ ယန္တယားတွေ အသံကတော့ ဆူညံလို့ပဲ”လို့ ဒေသခံတစ်ဦးက အောက်တိုဘာ ၂ရက်မှာ MFP ကို ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်က ယန်စီကုမ္မဏီ ဧရိယာအတွင်း ရှော့တိုက်ဒုန်း ခုနစ်လုံး ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် လုပ်ငန်းခွင် လုံခြုံရေးအတွက်လို့ ဆိုကာ ယန်စီနှင့် ဝမ်ဘောင် ကုမ္မဏီရဲ့ ကြေးနီတူးဖော် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ယာယီရပ်နားခဲ့တာ ဖြစ်ပါတယ်။
ရှော့တိုက်ဒုန်း ခုနစ်လုံးဟာ တရုတ်စက်ရုံဝင်းထဲက ဆဲလ် လိုင်းတွေ၊ Hall Roadတွေနဲ့ စက်ကြီးပြင် အလုပ်ရုံနားတွေကို ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဝန်ထမ်းအများအပြား CDM မှာ ပါဝင်တာကြောင့် တရုတ်တွေ ကြေးနီ မတူးနိုင်ဘဲ ကာလာကြာရှည် လုပ်ငန်းတွေ ရပ်နားခဲ့ရကာ လွန်ခဲ့တဲ့ လတွေအတွင်းကမှ ဒေသခံ Non CDM ဝန်ထမ်း ၃၀၀၀ လောက်နဲ့ ပြန်လည်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်တွေ တူးဖော်ထုတ်လုပ်ထားတဲ့ ကြေးနီတွေကို စစ်အုပ်စုက စစ်သင်္ဘောတွေနဲ့ သယ်ထုတ် ပေးနေပြီး ဝမ်ပေါင် လက်ပံတောင်းတောင်စီမံကိန်းက ကြေးနီတွေကို ဆားလင်းကြီးနယ် ထန်းတောကြီးရွာ ဆိပ်ကမ်းကနေ သယ်ထုတ်ကာ ယန်စီ စံပါယ်တောင်၊ ကြေးစင်တောင်စီမံကိန်းက တူးဖော် ထွက်ရှိတဲ့ ကြေးနီတွေကိုတော့ ကျောက်မြတ်တောင်ရွာ ဆိပ်ကမ်းကတဆင့် သယ်ထုတ်နေတာ ဖြစ်ပါတယ်။
လက်ပံတောင်းတောင်ကို ဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ကုမ္မဏီ ဝန်ထမ်းတွေ/Photo – မြန်မာဝမ်ပေါင် ကုမ္မဏီ



