သတင်း

မြန်မာနိုင်ငံမှာ လူငယ် လေးသန်းနီးပါး အလုပ်လက်မဲ့ ဖြစ်နေ

ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၃

မြန်မာနိုင်ငံတစ်ဝန်းက အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အတွင်းက လူငယ်လေးသန်းခန့်ဟာ ပညာသင်ယူနိုင်မှုမရှိတော့တာနဲ့ အလုပ်အကိုင် မရှိခြင်းဆိုတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို မကြုံစဖူး ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ UNDP(ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနဲ့ လူမှုရေးပြဿနာတွေကြားမှာ လူငယ်တွေရဲ့ ပညာသင်ယူမှုနဲ့ အလုပ်အကိုင်ရရှိရေး လမ်းကြောင်းတွေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ အနာဂတ်ရပ်တန့်ခံ မျိုးဆက်သစ်၊ မြန်မာ့လူငယ်တွေရဲ့ အလုပ်အကိုင်နဲ့ပညာရေးအခြေအနေ ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား ကျေးလက်နေ လူငယ်ငါးဦးမှာ လေးဦးနီးပါးဟာ ပညာရေး ဒါမှမဟုတ် သင်တန်းတစ်ခုခုမှာ တက်ရောက်နေတာ မရှိဘူးလို့ ဆိုပါတယ်။

စစ်ကိုင်း၊ တနင်္သာရီ၊ ချင်းနဲ့ ကရင်ပြည်နယ်တွေမှာ စီးပွားရေးလိုအပ်ချက်နဲ့ လုံခြုံမှုမရှိခြင်းတွေက ပညာရေးကို အလှမ်းကွာဝေးစေပြီး ကျောင်းကထွက်ခွာဖို့ တွန်းအားပေးနေတယ်လို့ ဖော်ပြပါတယ်။

အဆင့်မြင့်ပညာ အောင်မြင်ထားသူတွေဟာ လစဉ် ကျပ် ၅၀၀၀၀၀ သိန်းကျော်ရရှိပြီး အတန်းပညာနည်းပါးသူတွေက ၃၀၀၀၀၀ သိန်းကျော်ရှိပေမယ့် အလုပ်ရရှိမှုနှုန်းမှာ နည်းပါးလွန်းနေပြီး အဲဒီထဲက အမျိုးသမီးတွေရဲ့ အလုပ်ရရှိမှုနှုန်းက ပိုမိုးနိမ့်ကျနေသလို လူငယ်တွေရဲ့ ဝင်ငွေတွေဟာ ညီမျှမှုမရှိတဲ့အပြင် တည်ငြိမ်မှုလည်း မရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

လူငယ်အမျိုးသမီး သုံးပုံနှစ်ပုံနီးပါးဟာ မိသားစုစောင့်ရှောက်ရေးနဲ့ အိမ်တွင်းတာဝန်တွေကိုသာ ယူထားကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူငယ်အမျိုးသား ၄၅ ရာခိုင်နှုန်းမှာ ပညာဆက်လက်သင်ယူနေပေမဲ့ လူငယ်အမျိုးသမီး တွေအနေနဲ့ ၂၅ ရာခိုင်နှုန်းသာ ပညာဆက်လက်သင်ယူခွင့်ရရှိနေတယ်လို့ အစီရင်ခံစာကဆိုပါတယ်။

အတန်းပညာပြီးဆုံးထားတဲ့ အမျိုးသမီး ၄၀ ရာခိုင်နှုန်းဟာ အလုပ်မရှိဖြစ်နေပြီး အတန်းပညာနည်းပါးသူတွေမှာတော့ ၂၇ ရာခိုင်နှုန်းသာ အလုပ်မရှိတာကို တွေ့ရတာကြောင့် ဒီအချက်က ပညာတက်လူငယ်တွေအတွက်  အလုပ်အကိုင်ဈေးကွက်က မဖန်တီးနိုင်တာကို တွေ့ရတယ်လို့ ဖော်ပြပါတယ်။

လူငယ်အားလုံးရဲ့ ထက်ဝက်နီးပါးဟာ အသက်မွေးဝမ်းကြောင်းပညာရပ်ဆိုင်ရာသင်တန်းတွေ လိုအပ်နေပြီး အဲဒီထဲက ပညာရေးနည်းပါးသူတွေ၊ ကျေးလက်ဒေသနဲ့ ပဋိပက္ခဒေသတွေမှာ နေထိုင်ကြရတဲ့ လူငယ်တွေအတွက် လိုအပ်ချက်ဟာ သိသိသာသာမြင့်မားနေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button