စစ်ကိုင်းသတင်း

ရွှေဘိုမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုလက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်လေးပါး ပျံလွန်တော်မူ

လူသစ်/MFP ၊ အောက်တိုဘာ – ၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က တဂဏန်းကျေးရွာမှာ အောက်တိုဘာလ ၂ ရက်နေ့က စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်လေးပါး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့မနက်ပိုင်းမှာ တဂဏန်းရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး နေ့လယ်ပိုင်းမှာတော့ ရွှေဘိုမြို့ပေါ်က ကညနရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုအထိုင်စခန်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုတပ်က လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းဝန်းထဲ ကျရောက်ပေါက်ကွဲကာ အသက် ၁၄ နှစ်အရွယ် ရှင်ဉာဏိက၊ ရှင်ဥတ္တမ၊ ရှင်ဝိမလတို့ ကိုရင်လေးပါး ထိမှန်သေဆုံးသွားတာလို့ အမည်မဖော်လ်ိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကိုရင်လေးပါးလုံးက စာသင်သားတွေပါ။ လက်နက်ကြီးအစတွေ ပါးတွေ၊ တင်ပါးဆုံရိုးတွေ၊ လက်မောင်းတွေမှာ စိုက်ဝင်ကုန်တာ။ တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်သွားတာ။ သွေးထွက်
လွန်ပြီး ဆုံးသွားကြတာပေါ့။ အခုပဲဈာပနလုပ်ပြီးပြီလို့ သတင်းကြားပါတယ်”

စစ်အုပ်စုတပ်ဟာ လက်နက်ကြီးလေးလုံးထက်မနည်း ပစ်ခတ်ရာမှာ ထူထောင်ရေးရပ်ကွက်၊ ရွှေဘုံသာဘုရားအနီးမှာ တစ်လုံး၊ ဆည်မြောင်းဝန်းထဲကို တစ်လုံးနဲ့ အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းဝင်းထဲကို တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုကို ထောက်ခံအားပေးနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ တော်လှန်ရေးအင်အားစုတွေ လုပ်ဆောင်ခဲ့တာကြောင့် ကိုရင်သုံးပါး ပျံလွန်တော်မူသွားကြောင်း ဝါဒဖြန့်ချီထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ကတော့ ဩဂုတ်လ ၈ ရက်နေ့ကနေ ၁၄ ရင်နေ့အထိ မန္တလေးနဲ့ စစ်ကိုင်းတိုင်း အပါအဝင် ​ဒေသ ဆယ်ခုထက်မနည်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက် ခဲ့တာကြောင့် အရပ်သား ၆၂ ဦးသေဆုံးကာ ၁၂၁ ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဩဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button