စစ်ကိုင်းသတင်း

တန့်ဆည်နယ် တနယ်ရွာက နေအိမ် ၁၀ အိမ်နဲ့ စပါးကျီတွေကိုမီးရှို့ပြီး စစ်အုပ်စုရွာထဲကနေ ပြန်ဆုတ်

ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် တနယ်ရွာကို စစ်အုပ်စုကအောက်တိုဘာလ ၁ ရက်နေ့က စတင်ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၁၀ အိမ်နဲ့ စပါးကျီတွေကို မီးရှို့ပြီးဖျက်ဆီးကာ အောက်တိုဘာလ ၃ ရက် ဒီကနေ့မနက်ပိုင်းက ရွာထဲကနေ ဆုတ်ခွာသွားပြီဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

မကြိတ်ခွဲရသေးတဲ့ စပါးတွေကို မီးရှို့ဖျက်ဆီးသွားပေမဲ့ ဆန်တွေကိုတော့ တန့်ဆည်မြို့ပေါ်က စစ်အုပ်စုန်စခန်းကို ကားနဲ့သယ်ဆောင်သွားတယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ကထုတ်ပြန်ထားပါတယ်။

“တနယ်က စကစတွေက ကန့်ဘလူ ဇီးကုန်းသကြားစက်ဘက် ပြန်ဝင်သွားပြီဗျ။ ရေဦးနယ်ကစစ်ကြောင်းကလည်း ကန့်ဘလူဘက်ပြန်ဆုတ်သွားပြီ။ ရေဦးရော၊ တန့်ဆည်ရောမှာ စစ်ကြောင်းမရှိတော့ဘူး”လို့ တန့်ဆည်မြို့နယ်ရဲဘော်တစ်ဦးက ပြောပါတယ်။

တန့်ဆည်နဲ့ ရေဦးနယ်ကို မြေပြင်ကနေ စစ်ကြောင်းတွေထွက်လာခဲ့ပေမဲ့ လေကြောင်းကနေလည်း ခပေါင်းကြိုင်ရွာနဲ့ ဖန်းခါးဇင်ရွာတွေကို ဗုံးကြဲခံရတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲမှာ စစ်အုပ်စုစစ်ကြောင်းတွေက အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်အတွင်း ကျေးရွာပေါင်း ၁၀၀ကျော် နေအိမ်ပေ့င်း ၅၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အောက်တိုဘာလ ၄ ရက် ဒီနေ့မှာ Taze News က ထုတ်ပြန်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button