စစ်ကိုင်းသတင်း

မုံရွာမှာ ဒေသခံတွေကို စားနပ်ရိက္ခာနဲ့ လယ်ယာသုံးပစ္စည်းတွေ ထောက်ပံ့ကာ ရွေးကောက်ပွဲအတွက် စစ်အုပ်စုစည်းရုံး

MN/MFP ၊ အောက်တိုဘာ – ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက ဒေသခံပြည်သူတွေကိုခေါ်ယူပြီး စားနပ်ရိက္ခာနဲ့ လယ်ယာသုံးပစ္စည်းတွေ ထောက်ပံ့ပေးပြီး ရွေးကောက်ပွဲစည်းရုံးတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကနေ လက်ရှိအချိန်အထိ  မုံရွာမြို့နယ်ကျေးရွာတွေက ဒေသခံပြည်သူတွေကို စစ်အုပ်စုက မြို့ပေါ်ကို ခေါ်ယူကာ စားနပ်ရိက္ခာနဲ့ လယ်ယာသုံးပစ္စည်းတွေ ထောက်ပံ့ပေးပြီးနောက် ရွေးကောက်ပွဲအတွက် အစမ်းမဲပေးခိုင်းတာနဲ့ အိမ်ထောင်စုစာရင်း ကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလထဲမှာလည်း စစ်အုပ်စုက ဆန်၊ဆီ၊ ဆားစတဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျေးရွာတွေက ဒေသခံတွေကို မုံရွာမြို့ပေါ်ကိုခေါ်ယူကာ သန်းခေါင်စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ မုံရွာ ရပ်ကွက်ကင်းထောက်အဖွဲ့က MFP ကို ပြောပါတယ်။

“အရင်တခါတုန်းက မြေဆီတွေ ရေနံဆီတွေပေးပြီး နန်းကြီးသုတ်ကျွေးတယ်။ ပြီးကျတော့ မြို့တော်ခန်းမထဲမှာ အစမ်းမဲပေးခိုင်းပြီးတော့ သူတို့(စစ်အုပ်စု)က ဗွီဒီယိုရိုက်ယူထားလိုက်တာ။ အခုလည်း ဆန်တွေ ဆီတွေဝေပေးမယ်ဆိုပြီး ရဲစခန်းထောက်ခံစာယူရတယ်။ အဲဒီလို ယူပြီးရင် စာရင်းပေးဆိုပြီးတော့ ဆန်၊ဆီ၊ ပဲ ထောက်ပံ့ပေးနေတာ။ လာပြီးတော့ စာရင်းပေးသူတွေ အတော်များတယ်လို့ သိရတယ်။ အဲဒါတွေက ဟုတ်တယ်၊ ရွေးကောက်ပွဲအတွက် ပြည်သူကို စည်းရုံးနေတာပေါ့”

လက်ရှိမှာ စစ်အုပ်စုက ဒေသခံတွေကို ငွေကြေးနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးပြီး ရွေးကောက်ပွဲမှာ မဲထည့်ကြဖို့ စည်းရုံးနေတာဖြစ်သလို မုံရွာမြို့ပေါ်မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေက မဲစာရင်းတွေ လာကြည့်ကြဖို့ ကားတွေနဲ့ရပ်ကွက်တွေထဲ လိုက်အော်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းမြို့ပေါ်ကို လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး ဒေသခံပြည်သူတွေကို စစ်အုပ်စုက သုံးလစာ ငွေကျပ်ခြောက်သောင်း ထောက်ပံ့စည်းရုံးကာရွေးကောက်ပွဲမှာ မဖြစ်မနေ မဲလာထည့်ကြဖို့ လက်မှတ်ထိုးခိုင်းတာတွေ ရှိခဲ့ပါတယ်။ 

စစ်အုပ်စုက လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ အထွေထွေရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် စတဲ့ စုစုပေါင်း မဲဆန္ဒနယ် ၇၁၂ ခုမှာ ရွေးကောက်ပွဲပြုလုပ်သွားမှာဖြစ်တယ်လို့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။

⁨ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မုံရွာမြို့မှာ စစ်အုပ်စုခန့်ဝန်ကြီးချုပ်က ဒေသခံတောင်သူတွေကို စားနပ်ရိက္ခာနဲ့ လယ်ယာသုံးပစ္စည်းတွေ ထောက်ပံ့ပေးပြီး အစမ်းမဲပေးခိုင်းနေစဉ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button