သတင်း

မင်းတပ်မြို့ကို စစ်အုပ်စု ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူသုံးဦး အပြင်းအထန်ဒဏ်ရာရ၊ နေအိမ်အဆောက်အဦးတွေ ပျက်စီး

အီသာရမ်/MFP ၊အောက်တိုဘာ-၄

ချင်းညီနောင်နဲ့ မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာပြင်းထန်ပြီး နေအိမ်အဆောက်အဦးတွေ ပျက်စီးခဲ့ရတယ်လို့ Chin Defence Forc-Mindat က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၄ ရက် မနက် ၁ နာရီခန့်က မင်းတပ်မြို့ရဲ့ နေရာနှစ်ခုကို စစ်အုပ်စုလေယာဉ်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သက်ကြီးအပိုင်အရွယ်ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ Chin Defence Force-Mindat သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာနမှူး က ပြောပါတယ်။

“(ထိခိုက်ဒဏ်ရာရတာက) သက်ကြီးတွေပါ၊ အဲနားကလေးတွေရှိပေမယ့်မထိပါဘူး။ ဆယ်တန်းကျောင်းသူအရွယ်တစ်ဦး”

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦးတွေလည်း ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရဲ့နောက်ဆက်တွဲအခြေအနေကိုတော့ လုခြုံရေးအခြေအနေကြောင့် ပြောပြလို့ မရသေးဘူးလို့ ဆိုပါတယ်။

မင်းတပ်မြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့ကို စစ်အုပ်စုက လေကြောင်းကနေ အကြောင်းမဲ့ အခုလို မကြာခဏ ဗုံးကြဲသတ်ဖြတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button