စစ်အုပ်စုက လက်နက်ကြီး ထုလို့ အောင်မြေကျောင်းက ကိုရင်လေးပါး ပျံလွန်၊ ရှစ်ပါး ဒဏ်ရာရ၊
ဒေါ်လာ/MFP၊ အောက်တိုဘာ – ၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်မုခ်ဦးအနီး တဂဏန်းရွာမှာ အောက်တိုဘာ ၂ရက် မနက်ပိုင်းက စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ခုနှစ်ယောက် သေ၊ သုံ့ပန်း လေးယောက် ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိတယ်လို့ ရွှေဘိုညီနောင် တပ်ရင်းတွေက သတင်း ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂ရက် မနက်ပိုင်း ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ခေါ် အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေးတပ်က ထွက်လာတဲ့ အင်အား ၆၀ ခန့်ပါ စစ်အုပ်စုဟာ ရွှေဘိုမြို့တောင်ဘက်၊ မြို့အဝင်မုခ်ဦးရှိ Good Brother ရုံးကတစ်ဆင့် တဂဏန်းကျေးရွာထဲ စီးနင်းဝင်မွှေ လုယက်ချိန် ရွှေဘိုညီနောင် တပ်ရင်းတွေ ဖြစ်တဲ့ ရွှေဘိုခရိုင် PDF တပ်ရင်း ၁၅၊ တပ်ရင်း ၁၈၊ တပ်ရင်း ၂၃၊ တပ်ရင်း ၂၆၊ တပ်ရင်း ၉၇၀၆ – Together We Can နဲ့ ရွှေဘိုခရိုင်အမှတ်(၄)တပ်ရင်း၊ ရွှေဘိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ်(၅) ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Northern Tiger Group ပြည်သူ့ကာကွယ် ရေးအဖွဲ့တို့က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဟာ မနက် ၆နာရီခွဲကနေ ၁၂နာရီခွဲအထိ ခြောက်နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်အုပ်စုရဲ့ တပ်ကြပ်ကြီးအဆင့် စံထွေး အပါအဝင် ခုနှစ်ယောက် သေကာ ၁၀ ယောက်ခန့် ဒဏ်ရာရပြီး တပ်ကြပ်အဆင့် တစ်ယောက်နဲ့ တပ်သားသစ် သုံးယောက်၊ စုစုပေါင်း လေးယောက်ကို လက်ရ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
“မိမိတို့ဘက်မှလည်း ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ ရဲဘော် နှစ်ဦး ပေဆပ် (ကျဆုံး)ခဲ့ရပြီး ရဲဘော် သုံးဦး ဒဏ်ရာ ရရှိခဲ့”လို့ ရွှေဘိုညီနောင် တပ်ရင်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စု သုံ့ပန်းလေးယောက် ဖမ်းမိသလို ၆၀ မမ ကွန်မန်ဒိုပြောင်း တစ်လက်၊ MA-3 တစ်လက်၊ MA-1 တစ်လက်၊ ကျောလွယ် ဂျမ်ဘာ တစ်ခု၊ ကျည်နဲ့ ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အထိနာတဲ့ စစ်အုပ်စုဟာ တဂဏန်းရွာကနေ ရွှေဘိုမြို့အဝင် မုခ်ဦးဘက် ပြန်ဆုတ်သွားတယ်လို့ ရွှေဘိုညီနောင် တပ်ရင်းတွေက ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ပွဲဖြစ်ပွားနေချိန် အထိနာတဲ့ စစ်အုပ်စုက ရွှေဘိုမြို့ ကညန ရုံးနဲ့ ရွှေဘို တထပ (၂)ထဲကနေ မြို့ရဲ့ ဘောင်ဘက်အဝင် မုခ်ဦးဘက်ဆီ လက်နက်ကြီးတွေ၊ ဟောင်ဝှစ်ဇာတွေနဲ့ စစ်ကူပေး ရမ်းကားပစ်ခတ်ခဲ့ရာ ရွှေဘိုမြို့ကားကြီးကွင်းအနီး အောင်မြေဘုန်းကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲလို့ သံဃာ ကိုယ်ရင်ငယ် လေးပါး ပျံလွန်တော်မူပြီး ရှစ်ပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေထဲက လေးလုံးထက်မနည်းဟာ လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ထူထောင်ရေးရပ်ကွက်ထဲတစ်လုံး၊ ရွှေဘုံသာဘုရားအနီး တစ်လုံး၊ ဆည်မြောင်းဝန်းထဲ တစ်လုံးနဲ့ အောင်မြေဘုန်းကြီးကျောင်း ချမ်းမြေ့ကျောင်းထဲ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာ လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
အောင်မြေဘုန်းကြီးကျောင်း၊ ချမ့်မြေ့ကျောင်းထဲ ကျရောက် ပေါက်ကွဲတဲ့ လက်နက်ကြီးကြောင့် အသက် ၁၂နှစ်ကနေ ၁၄ နှစ်အရွယ် ရှင်ဉာဏိက၊ ရှင်ဥတ္တမ၊ ရှင်ဝိမလတို့ အပါအဝင် ကိုရင်လေးပါး ထိမှန် သေဆုံးကာ ရှစ်ပါး ဒဏ်ရာရတာလို့ ဆိုပါတယ်။
“ကိုရင်လေးပါးလုံးက စာသင်သားတွေပါ။ လက်နက်ကြီးအစတွေ ပါးတွေ၊ တင်ပါးဆုံရိုးတွေ၊ လက်မောင်းတွေမှာ စိုက်ဝင်ကုန်တာ။ တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်သွားတာ။ သွေးထွက်လွန်ပြီး ဆုံးသွားကြတာပေါ့။ အခုပဲ ဈာပနလုပ်ပြီးပြီလို့ သတင်းကြားပါတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အောက်တိုဘာ ၃ရက်မှာ MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ရွှေဘိုနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ မကြာခဏ ကျူးလွန်နေတာ ဖြစ်ပြီး အဲ့ဒီ စစ်အုပ်စုကို ဒေသခံတော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ရွှေဘိုမြို့အဝင်အနီး တိုက်ပွဲက ဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ စစ်အုပ်စု လက်နက်ကြောင့် ပျံလွန်တော်မူတဲ့ ကိုရင်လေးတွေ/Photo – ဗိုလ်စွန်ရဲ၊ CJ



