စစ်ကိုင်းသတင်း

ဝက်လက်မှာ စစ်အုပ်စု ဖမ်းသွားတဲ့ အမျိုးသမီး ၁၆ ဦးနဲ့ အမျိုးသား ငါးဦးတို့ တစ်လကြာအထိ သတင်းအစအန မရ၊

ကိုသူ /MFP၊ အောက်တိုဘာ – ၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ တပ်ရွာကျေးရွာက အမျိုးသမီး ၁၅ဦးနဲ့ အမျိုးသား ငါးဦး၊ စုစုပေါင်း ၂၁ဦးတို့ကို စစ်အုပ်စုက ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်လကျော်ကြာ ယနေ့အချိန်ထိ သတင်းအစအန မရလို့ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

လက်နက်အားကိုးနဲ့ ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုဟာ စက်တင်ဘာ ၁ရက်က ဝက်လက် အရှေ့ခြမ်း၊ ရှိမ်းမကားတိုက်နယ်၊ ဧရာဝတီမြစ်ရိုးရှိ တပ်ရွာ အထက်ရွာနဲ့ တပ်ရွာ အောက်ရွာကို စီးနင်းလုယက်ချိန် ဒေသခံပြည်သူ ၂၁ ဦးကို ခိုးရာပါ ပစ္စည်းသယ်ယူခိုင်းစေဖို့နဲ့ ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

“မင်းကွန်း ဘက်ကနေ ငန်းတိုက် ထိုးတဲ့ စစ်ကြောင်း။ အမျိုးသမီး ၁၆ ယောက်နဲ့ အမျိုးသား ငါး ယောက်၊ (၂၁) ယောက်၊ အများစုကတော့ အထက်ရွာ၊ အောက်ရွာ နှစ်ရွာရှိတာ ဆိုတော့ အထက်ရွာက များတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး တစ်လကျော်ကြာအထိ သတင်းအစအန မရသေးတဲ့ တပ်ရွာဒေသခံတွေထဲ တစ်အိမ်တည်း နေထိုင်သူ မိသားစုငါးစုထက်မနည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ပြည်သူတွေကို ဓားစာခံ ဖမ်းခေါ်သွားတဲ့ စစ်အုပ်စုဟာ လက်ရှိအချိန်ထိ ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေဆဲ ဖြစ်ပြီး ယခုရက်ပိုင်း တပ်ရွာ အနီးရှိ ရှိမ်းမကား၊ စစ်ကိုင်းမြို့နယ် မင်းကွန်း၊ စဉ့်ကိုင်စတဲ့ ကျေးရွာတွေထဲ တပ်စွဲထားကာ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်သွားလာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘောတွေကို လုံခြုံရေးယူ ကင်းစောင့် ပေးနေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုက မြစ်ရိုးတလျောက် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စိတ်ထင်တိုင်း စီးနင်းဝင်မွှေ လုယက်မီးရှို့တာ၊ ဖမ်းဆီး သတ်ဖြတ်တာတွေကြောင့် တပ်ရွာကျေးရွာ အပါအဝင် စစ်ကိုင်းနဲ့ ဝက်လက်နယ်အစပ် ဧရာဝတီမြစ်ရိုးတလျောက် ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လောလောဆယ်မှာ ဝက်လက်နယ်မှာ လှုပ်ရှားနေတာက တပ်ရွာက ထွက်တဲ့ ငါးရယ်(ရွာ)ဘက် ထွက်တဲ့ ခွေးကြောင်းတစ်ကြောင်း ရှိတယ်။ ဆားတောင်ဘက်က ခွေးကြောင်းကတော့ လောလောဆယ် ဆင်းမလာသေးဘူး။ ဆားတောင်ရဲ့ မြောက်ဘက်က နတ်ပန်းကျောင်းနားမှာပဲ၊ အင်အားတောင့်တင်းစွာ လက်နက်ကြီးနဲ့ ထုနေတယ်။ စစ်ရှောင်တွေကတော့ နယ်မြေခံတွေကပဲ ကူညီဖြေရှင်းပေးနေရတဲ့ အနေထားပါပဲ” လို့ ဝက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ –  ပအဖ၊ တိုက်နယ် ၁ တာဝန်ခံ ဦးထွန်းဝေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း ဝက်လက်မြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက ဆားတောင်နဲ့ ငါးရယ်ကျေးရွာက ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးပြီး အမျိုးသား လေးဦးကို သတ်ဖြတ်ကာ ကျန်သူတွေကိုတော့ ငွေကျပ် သိန်းဆယ်ချီနဲ့ ပြန်ရွေးခိုင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇွန်လက စလို့ ဝက်လက်နယ်ထဲ အဖွဲ့တွေခွဲကာ စစ်ကြောင်းထိုးပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ဝက်လက်နယ် အပါအဝင် စစ်ကိုင်း မင်းကွန်းနယ်ထဲ လက်နက်အားကိုးနဲ့ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေ/Photo – ယူနီကွန်း၊ CJ

Related Articles

Back to top button