စစ်ကိုင်းသတင်း

ချင်းတွင်းမြစ်အတွင်း ရွှေ မတူးဖို့ မင်းကင်းဒေသခံတွေ နှစ်ကြိမ်ဆက် ဆန္ဒပြ၊

ကိုသူ /MFP၊ အောက်တိုဘာ – ၅

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် လောင်းပြည့် ကျေးရွာအနီးက ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်မယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ရာချီတဲ့ ဒေသခံတွေက အောက်တိုဘာ ၂ရက်နဲ့ ၅ရက်တွေမှာ နှစ်ကြိမ်ဆက် ဆန္ဒပြခဲ့တယ်လို့ သတင်းရရှိပါတယ်။

လောင်းပြည့်ကျေးရွာအနီး ချင်းတွင်းမြစ်ကမ်းမှာ ရွှေတူးဖော်ဖို့ မင်းကင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ခံနဲ့ ပြည့်သူ့လုံခြုံရေးအဖွဲ့ – ပလဖ တာဝန်ခံတို့က စီစဉ်နေတာဖြစ်ပြီး ရွှေတူးဖော်ပါက လယ်ဧက တစ်သောင်းကျော် ပျက်စီးသွားနိုင်တာကြောင့် ကန့်ကွက်ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆန္ဒပြ သပိတ်ဦးဆောင်သူ တစ်ဦးက MFP ကို ပြောပါတယ်။

“ဒီတူးမယ့်နေရာက မြေနုကျွန်းတွေ ပျက်စီးသွားနိုင်တယ်။ အိမ်ထောင်စု နှစ်ထောင်ကျော် စားဝတ်နေရေး အသက်သွေးကြော ဖြစ်ပါတယ်။ ဒီ ကျွန်းပေါ်မှာ မှီတင်း နေကြရတာ၊ ဒီနေရာမှာ ရွှေမျော လုပ်ကိုင်ကြမယ်ဆို ကမ်းပါးပြိုတာ၊ ရေတိုက်စားတာတွေ စိုးရိမ်ရပါတယ်”

ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်မှု ကန့်ကွက်ကြောင်း နှစ်ကြိမ်ဆက် ဆန္ဒပြမှုကို ဘင်၊ အုန္နဲဘုတ်၊ ဇင်ကလဲ၊ ‌ညောင်ပင်သာ၊ လောင်းပြည့်၊ သင်တော၊ အနောက်တော၊ ကျောက်ခဲတက် စတဲ့ မင်းကင်းနယ် ချင်းတွင်းမြစ်ရိုးတလျှောက် ကျေးရွာတွေက ဒေသခံပြည်သူ နှစ်ထောင်ကျော် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ပထမအကြိမ် တောင်းဆိုမှု မရတာကြောင့် အခုလို နှစ်ကြိမ်ဆက် ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြ သပိတ်မှာ လိုက်ပါသူတစ်ဦးကလည်း ပြောပါတယ်။

“တောင်းဆိုတာက မရသေးဘူး၊ ဒါကြောင့် ဆက်ပြကြတာ၊ မြေနု၊မြေရင့် ဧကပေါင်း တစ်သောင်းကျော် ရှိတယ် ပျက်စီးနိုင်တာက”

ဒီလို ဆန္ဒပြခံရတာနဲ့ ပတ်သက်ပြီး မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ရှိသူထံကို MFP က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မင်းကင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးတလျှောက်မှာ ရွှေတူးဖော်ရေး လုပ်ငန်းလုပ်ကိုင်သူ သုံး‌ထောင်ကျော် ရှိပြီး အဲ့ဒီ ရွှေမျောတွေကြောင့် လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုတွေ ရှိကာ ပြီးခဲ့တဲ့ လပိုင်းကလည်း ရွှေတူးဖော်မှုတွေ မလုပ်ဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့သေးတယ်လို့ ဆိုပါတယ်။

လယ်ယာမြေတွေ ပျက်စီးနိုင်တာမို့ ရွှေမတူးဖို့ အောက်တိုဘာ ၂ရက်နဲ့ ၅ရက်က နှစ်ကြိမ်ဆက် ဆန္ဒပြခဲ့တဲ့ မင်းကင်းနယ် ကျေးရွာတွေဟာ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာတွေကို တစ်ကြိမ်ထက်မက ခံခဲ့ရတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။

မင်းကင်းနယ် ချင်းတွင်းမြစ်ရိုးမှာ ရွှေတူးဖော်မယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ဒေသခံတွေ ဆန္ဒပြနေစဉ်/Photo – ပေးပို့

Related Articles

Back to top button