လူသစ်/MFP ၊အောက်တိုဘာ-၆
မန္တလေးတိုင်း၊ ပင်းတလဲ-မိတ္ထိလာလမ်းမပေါ် ဝမ်းတွင်းမြို့နယ်အထဲက ကျေးရွာတွေကို အောက်တိုဘာလ ၅ ရက်နေ့မှာ စစ်အုပ်စု ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံဆယ်ဦးထက်မနည်းကို ဖမ်းဆီးကာ တစ်ဦးကို ငွေကျပ် ၁၀ သိန်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပင်းတလဲစစ်အုပ်စခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ မနေ့ကမနက်ပိုင်းမှာ ကန်အောက်ရွာမှာ ဘောလုံးကန်နေတဲ့ ကျောင်းသား လူငယ်တွေနဲ့ နေ့လယ်ပိုင်းမှာတော့ ရွာသစ်၊ တောင်ဆည်ရွာ၊ ခဲ့ဘဲ့ရွာနဲ့ အိုမရွာတို့ကို ဝင်ရောက်စီးနင်းပြီးနောက် ပန်းရံလုပ်ကိုင်နေတဲ့ လူငယ်တွေပါမကျန် စုစုပေါင်း လူငယ်ဆယ်ဦးထက်မနည်းကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေကို ပင်းတလဲစစ်အုပ်စုအထိုင်စခန်းကို ခေါ်ဆောင်သွားပြီး တစ်ဦးကို ငွေကျပ် ၁၀ သိန်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ မြေပြင်စစ်ကြောင်းအခြေအနေတွေကို ရေးသားဖော်ပြနေတဲ့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။
“လာတာက ပင်းတလဲစခန်းကနေ စစ်အုပ်စုက ဆိုင်ကယ်နဲ့လာဆွဲတာ၊ သူတို့ဆွဲတဲ့သူတွေကိုသယ်ဖို့ကားမပါလာလို့ တောင်ဆည်ရွာဘက်က လိုက်ထရတ်ကားတစီးကိုချောဆွဲပြီးခေါ်တင်သွားတာလို့ပြောတယ်။ ခုမနက်သိရတာတော့ တစ်ယောက်ဆယ်သိန်းယူပြီး ပြန်လွှတ်ပေးလိုက်တာတဲ့။ ဒီကောင်တွေက စီးပွါးရေးလုပ်နေတဲ့သဘောပါ ခုဟာကြီးက”
စစ်သားစုဆောင်း ခံထားရတဲ့ လူငယ်တွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ MFP အနေနဲ့ သီးခြားအတည်ပြု နိုင်တာမျိုး မရှိသေးပါဘူး။
ဖမ်းဆီးခံရသူတွေအထဲက ငွေကြေးတက်နိုင်တဲ့ လူငယ်ခြောက်ဦး ပြန်လွတ်လာပေမဲ့ ငွေကြေးမတက်နိုင်သူတွေကတော့ စစ်မှုထမ်းအပတ်စဉ်-၁၈ အတွက် ဆက်လက် စစ်သားစုဆောင်း ခံထားရတယ်လို့ ဆိုပါတယ်။
ဒီက်ိစ္စနဲ့ပတ်သက်ပြီး စစ်အုပ်စုလက်အောက်ခံ နေပြည်တော်အခြေစိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌရုံးက တာဝန်ရှိသူတစ်ဦးကတော့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ တရားမဝင်နည်းလမ်းတွေနဲ့ လူသစ်စုဆောင်း(ပေါ်တာဆွဲ)ဖို့ ညွှန်ကြားထားတာမျိုးမရှိတာကြောင့် နစ်နာသူတွေအနေနဲ့ တိုင်ကြားလို့ရတယ်လို့ MFP ကို တုံ့ပြန်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝှမ်းက လူငယ်၊လူရွယ် ၇၀,၀၀၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းခဲ့ပြီး စစ်မြေပြင် ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) က ဇူလိုင် ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်မှုထမ်း ဥပဒေ အကြောင်းပြကာ ၂၀၂၄ မတ်လက စလို့ စစ်သားသစ် စုဆောင်းနေတဲ့ စစ်အုပ်စုဟာ နိုင်ငံတဝန်း တစ်မြို့နယ်ကို တစ်လ လူ ၁၅၀ နှုန်းလောက် စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး ရပ်ကွက်၊ မြို့ရွာအလိုက် ခွဲတမ်းနဲ့ စုဆောင်းသလို ပေါ်တာဆွဲပြီးတော့လည်း စုဆောင်းနေတာ ဖြစ်ပါတယ်။
ဝမ်းတွင်းမြို့နယ်၊ နတ်နန်းရွာက ဒေသခံတွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စစ်အုပ်စု ဖမ်းဆီးခဲ့စဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



