မန္တလေးသတင်း

မြင်းခြံမှာ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံလေးထောင်ကျော် နှစ်လကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်

MN/MFP ၊ အောက်တိုဘာ – ၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးစစ်ကြောင်းက စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘဲ နှစ်လကျော်ကြာ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လမှာ မြင်းခြံနယ်အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ပြီး လူသတ်၊ လုယက်ခဲ့တဲ့ စစ်အုပ်စုနဲ့ပျူတွေက စက်တင်ဘာ ၂၅ ရက်မှာ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်က ညောင်ပင်ရွာကို ထပ်မံစစ်ကြောင်းထိုးလာခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး အထိနာတဲ့ စစ်အုပ်စုက ညောင်ပင်ရွာကို ဒီကနေ့ထိစီးနင်းလုယက်မီးရှို့နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ စစ်အုပ်စုနဲ့ပျူတွေက မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်က ညောင်ပင်ရွာကို စီးနင်းလုယက်ပြီး နေအိမ်တွေကို အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက MFP ကို ပြောပါတယ်။ 

“သူတို့(စစ်အုပ်စု)က ညောင်ပင်ရွာမှာပဲ ဆက်ရှိနေသေးတယ်။ ရှေ့ဆက်တိုးမလာသေးဘူး။ ပစ္စည်းတွေ သယ်ထုတ်လိုက် အိမ်တွေမီးရှို့လိုက်နဲ့ လုပ်နေကြတာ။ ရွာကတော့ ကုန်သလောက်ဖြစ်နေပြီ သူတို့မီးရှို့လို့။ အိမ်ခြေဘယ်လောက်ထိ ပါသွားလဲဆိုတာတော့ အတိအကျမသိရသေးဘူး။ ကျွန်တော်တို့ စာရင်းကောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေကတော့ အခုလက်ရှိမှာ အဲဒီ ညောင်ပင်ရွာက ပြည်သူတွေအများဆုံးပါ။ အနီးနားဝန်းကျင်က ရွာတွေလည်း ရှောင်နေကြရဆဲပဲ”

မြင်းခြံမြို့နယ် နွားထိုးကြီးနယ်အစပ် ကားလမ်းပေါ်မှာရှိတဲ့ ညောင်ပင်ရွာဟာ အိမ်ခြေ ၅၀၀ ဝန်းကျင်နဲ့ လူဦးရေ ၄၀၀၀ ကျော်ရှိတဲ့ရွာဖြစ်သလို စစ်အုပ်စုတွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကနေ အခုလက်ရှိ အောက်တိုဘာလထဲထိ စီးနင်းလုယက်မီးရှို့နေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက နေအိမ်တွေကို ဖောက်ထွင်းလုယက် အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေတာကြောင့် ညောင်ပင်ရွာက ဒေသခံတွေအပါဝင် အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ စံပြ၊ သဲတော၊ ခင်မကန်၊ မြောက်ကုန်း၊ တဲ၊ ပျော်ဘွယ်၊ ဗလုံ၊ ရွာကြီး စတဲ့ ရွာပေါင်း ၁၀ ရွာကျော်က ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေ အင်အား ၁၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ခဲ့တာကြောင့် ရွာပေါင်း ၁၀ ရွာကျော်က စုစုပေါင်းအိမ်ခြေ ၁၅၀၀ ကျော် မီးလောင်ပျက်စီးပြီး ဒေသခံ ၂၅ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက စတင်ကာ မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာမှာ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ စတဲ့ အကူညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေထံက ဆိုကြပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button