စစ်ကိုင်းသတင်း

ဝက်လက်နယ် မင်းကုန်းလေး ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စု ရှစ်ဦးသေဆုံး

ကိုသူ/MFP ၊အောက်တိုဘာ-၆

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် မင်းကုန်းလေး ကျေးရွာအနီး အောက်တိုဘာ ၅ ရက်နေ့က စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်အုပ်စု ရှစ်ဦး သေဆုံးကာ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုတပ်တွေက ရှိမ်းမကားနဲ့ ငါးရယ်ကျေးရွာကနေ အင်အား ရာနဲ့ချီ စစ်ကြောင်းထိုးလာပြီးနောက် မင်းကုန်းလေးရွာကို စီးနင်းဝင်ရောက်ရာမှာ တော်လှန်ရေးအင်အားစုတွေက အသင့်စောင့် ကြို့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်အုပ်စု ရှစ်ဦး မျက်မြင်သေဆုံးခဲ့ပြီး၊ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ်ရဲ့ ပကဖ- တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ရှိမ်းမကားအထိုင်ကင်းနဲ့ ငါးရယ်ဘက်ရောက်တဲ့ ခွေးကင်းနဲ့ ပူးပေါင်းပြီး မနေ့က ကျနော်တို့ ထွက်လာလိုက်တာ မင်းကုန်းလေးလမ်းဆုံကို ရောက်တဲ့ အခါ တိုက်ပွဲ ဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ ကျနော့်တို့ ဘက်က ရဲဘော်နှစ်ယောက် ကျတယ်။သူတို့ ဘက် က (စစ်အုပ်စု ) က ရှစ်ယောက်လောက်ကျတယ်။ဒီထက်တော့ ပိုများနိုင်တယ်။အားလုံးတော့ အတည်မပြုနိုင်သေးဘူး “

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်အုပ်စုတပ်တွေ ဆုတ်ခွာသွားပြီး နယ်မြေချင်းထိစပ်နေတဲ့ စစ်ကိုင်းနယ် ဝါးချပ်ကျေးရွာက အင်အား ၁၀၀ ပါတဲ့ စစ်ကြောင်းတစ်ကြောင်း၊ ဧရာဝတီမြစ်ကြောင်းကနေ စစ်သင်္ဘောနှစ်စီး ဆန်တက်လာပြီးတော့ ဝက်လက်နယ်နဲ့ စစ်ကိုင်းနယ်နိမိတ်အနီးက ဝါးချပ်၊ တပ်ရွာ၊ စဉ့်ကိုင်၊ ငါးရယ် ရွာတွေမှာ အင်အားဖြည့် တင်းနေတယ်လို့ ဆိုပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပွားနေချိန် စစ်အုပ်စု ဓါးစာခံအဖြစ် ဖမ်းဆီးထားသူတွေထဲက ကလေးငယ်နှစ်ဦး ၊အမျိုးသမီး နှစ်ဦး ၊အသက် ၅၀ ကျော်အရွယ် အမျိုးသားသုံးဦး စုစု‌ပေါင်း ခြောက်ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လွတ်မြောက်လာသူခြောက်ဦးကတော့ တပ်ရွာမှာနေထိုင်တဲ့ ဒေသခံတွေ ဖြစ်ကြပြီး အခုလ ၂ ရက်နေ့မှာ စစ်အုပ်စုတပ်က ဖမ်းဆီးလိုက်တာလို့ အဲဒီအခြေအနကို သိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကလေးက နှစ်ယောက်ပါတယ်။ မိန်းကလေးက နှစ်ယောက်၊ အမျိုးသားက သုံးယောက်၊ အဲ့ဒီအထဲမှာ ကလေးနဲ့ မိန်းကလေးနှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက်ကတော့ ပြန်လွတ်လာတယ်။ တစ်ယောက်က တော့ ဆက်ဖမ်းထားတယ်။အမျိုးသားတွေက တော့ အသက်က (၄၀) ကျော် နဲ့ (၅၀) ကြားတွေ အသက်က “

ဒါ့အပြင် စစ်အုပ်စုစစ်ကြောင်းတွေ ဝင်ရောက်ပြီးနောက် တပ်အထက်ရွာ၊ တပ်‌အောက်ရွာ၊ ငါးရယ်၊ ဆားတောင်ကျေး၊ ရှိမ်းမကားစတဲ့ ကျေးရွာတွေမျာနေထိုင်တဲ့ ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံထားရပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ ‌ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့ နယ်အတွင်းမှာ စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဆားတောင်၊ တလိုင်း၊ တမာကုန်း၊ ငါးရယ်၊ ရှိမ်းမကား၊ တလိုင်း၊ အုန်းသဇင်၊ ရေလည်မှော်၊ ရွာနန်း၊ ကျော်ဇေယျာ ၊ ပုဂံသူ၊ လင်းတလူး၊ သစ်ချိုကုန်း၊ ချိူင်းကြီး၊ ရွှေပင်ငံ၊ အုန္နဲဘုတ်၊ တောမစတဲ့ ရွာ ပေါင်း ၄၀ ကျော်မှာနေထိုင်တဲ့ ဒေသခံသောင်းနဲ့ချီ တောတောင်တွေအတွင်း ထွက်ပြေးတိမ်းရှောင်နေရပြီး လေးလကြာတဲ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဆိုကြပါတယ်။

စစ်ကြောင်းဝင်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဝက်လက်ဒေသခံတွေကို မြင်တွေ့ရပုံ။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button