MN/MFP ၊ အောက်တိုဘာ – ၆
စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးနယ်အစပ်မှာ သီတင်းကျွတ်လပြည့်နေ့ည ဆီမီးထွန်းသပိတ်ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးလာကြဲခဲ့တာကြောင့် ဆယ်ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာတွေရရှိထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ချောင်းဦးမြို့နယ် မြောက်ခြမ်းတနေရာမှာ ဒီကနေ့ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ ည ရှစ်နာရီ ဝန်းကျင်မှာ စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ်ပြုလုပ်နေချိန်မှာ ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စု အခြေစိုက်ထားတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – မုံရွာကနေ တက်လာတဲ့ ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“မုံရွာနဲ့ ချောင်းဦးနယ်အစပ်က ဆီမီးထွန်းသပိတ်ကို ပါရာမော်တာနဲ့လာပြီးတော့ ၁၂၀ မမ ဗုံးသီး နှစ်လုံးချပြီး တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ လောလောဆယ် သိရသလောက်ကတော့ ၁၀ ဦးကျော်လောက်ရှိတယ် သေဆုံးတာက။ ဒဏ်ရာရတာတွေကလည်း အတော်လေးများတယ်။ ခြေပြတ် လက်ပြတ်တဲ့သူတွေရော ရှိနေတာ။ ဆေးကုသပေးဖို့ အတော်လေးအခက်အခဲဖြစ်နေတယ်”
လက်ရှိမှာ စစ်အုပ်စု စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ကနဦး ကလေးငယ်တွေအပါဝင် သေဆုံးသူ ၁၀ ဦးထက်မနည်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိတယ်လို့သိရပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသပေးဖို့ အခက်အခဲတွေရှိနေတယ်လို့လည်း ဆိုကြပါတယ်။
ချောင်းဦးမြို့နယ်ထဲမှာ စစ်အုပ်စုက ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ မကြာခဏ ထိခိုက်သေဆုံးတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီနေ့တစ်ရက်ထဲမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူမြို့နဲ့ သီပေါမြို့တို့ကို စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



