မကွေးသတင်း

ပျော်ပွဲရွှင်ပွဲကျင်းပနေတဲ့ ဂန့်ဂေါမြို့မရဲစခန်းနဲ့ ခလရ-၅၀ တပ်ကို တော်လှန်ရေးတပ်တွေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့

အထိနာတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

အီသာရမ်/MFP ၊အောက်တိုဘာ-၇

မကွေးတိုင်း၊ယောဒေသဖြစ်တဲ့ ဂန့်ဂေါမြို့နယ်က မြို့မရဲစခန်းနဲ့ ခလရ-၅- တပ်ရင်းကို အောက်တိုဘာလ ၆ ရက်​နေ့ သီတင်းကျွတ်လပြည့်ညမှာ တော်လှန်ရေးတပ်တွေက ရှော့တိုက်းဒုံး ဆယ်လုံးထက်မနည်း ပစ်ခတ်ခဲ့ရပြီးနောက် မြို့ပတ်ပတ်လည်ကို စစ်အုပ်စုတပ်အထိုင်ချထားတဲ့ ခလရ -၅၀ ကနေ လက်နက်ကြီးတွေ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့်  ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဂန့်ဂေါမြို့အထိုင်တပ် ခလရ -၅၀ ကနေ ဂန့်ဂေါမြို့ပတ်လည်ကို လက်နက်ကြီးတွေ နဲ့ရမ်းသန်းပစ်ခတ်ခဲ့တာဖြစ်ပြီး ဇဟောကျေးရွာထဲကို တစ်လုံးကျရောက်ပေါက်ကွဲကာ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရပြီး နွားတစ်ကောင်လည်း သေဆုံးခဲ့တယ်လို့ ဂန့်ဂေါ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ထုတာကတော့ ဂန့်ဂေါပတ်ချာလည်ရွာတွေ အကုန်ထုတာပဲ၊ ဇဟောက လူတစ်ယောက်လည်းထိတယ်လို့ ပြောတယ်။ ကျန်တာကတော့ ဘယ်နားတွေ ကျမှန်းမသိဘူးရှင့်၊ ညက အကုန်လုံးလည်း ပုန်းနေကြရလို့ ဖုန်းလိုင်းတွေလည်း အကုန်ပျက်သွားတယ်လေ”

ဇဟောကျေးရွာက ဂန့်ဂေါမြို့ရဲ့ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာမှာ ရှိပြီး အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး စစ်အုပ်စုတပ်က လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်တာ ခံနေရတဲ့ကျေးရွာဖြစ်ပါတယ်။

ဂန့်ဂေါမြို့ပေါ်မှာ စစ်အုပ်စုဦးဆောင်ကာ သီတင်းကျွတ်ည ပွဲတော်ကျင်းပဖို့ စီစဉ်ထားပေမဲ့  တော်လှန်ရေးတပ်တွေဘက်က လက်နက်ကြီးနဲ့မြို့ကို ပစ်ခတ်တာတွေကြောင့် ပွဲပျက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုတပ်စွဲနေထိုင်နေတဲ့ မြို့မရဲစခန်းနဲ့ ခလရ-၅၀ တပ်ရင်းကို တော်လှန်ရေးတပ်တွေဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီးနောက် ထိခိုက်သေဆုံးတဲ့ အခြေအနေအသေးစိတ်ကိုတော့ MFP အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။ 

စစ်အုပ်စုက ဂန့်ဂေါမြို့ကို သီတင်းကျွတ်ည ပွဲတော်ကျင်းပဖို့ စီစဉ်ထားတာကြောင့် မြို့အနီးကျေးရွာတွေကနေ ပြည်သူတွေ မြို့ပေါ်ကိုဝင်ရောက်ခွင့် ပိတ်ပင်ထားတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေကလည်း ဂ‌န့်ဂေါခလရ- ၅၀ ကနေ လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခက်တာကြောင့် ဇဟောကျေးရွာထဲကို ကျရောက်ပြီး အမျိုးသမီးနှစ်ယောက်

နေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button