သတင်း

မြန်မာ့နွေဦးတက္ကသိုလ်မှာ သုံးနှစ်အတွင်း ကျောင်းသားပေါင်း ၁၃၀၀၀ ကျော်တက်ရောက်ကာ ဘွဲ့ရ ၆၀၀ ကျော်ကို မွေးထုတ်နိုင်ခဲ့

မယ်ပ/MFP၊ အောက်တိုဘာ – ၇

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လက်အောက်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာ့နွေဦးတက္ကသိုလ် တည်ထောင်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကျောင်းသားပေါင်း ၁၃,၀၀၀ ကျော်ကို ပညာသင်ကြားပေးနိုင်ခဲ့သလို ဘွဲ့ရ ၆၁၈ ဦးကိုလည်း မွေးထုတ်နိုင်ခဲ့တယ်လို့ မြန်မာ့နွေဦးတက္ကသိုလ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ပြည်သူပိုင် တက္ကသိုလ်အဖြစ် နွေဦး တက္ကသိုလ်ကို အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာ သုံးနှစ်ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီးနောက် ပညာကြားမှုရပ်တန့်နေကြတဲ့ CDMကျောင်းသား၊ ကျောင်းသူအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေးရရှိစေဖို့အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီတက္ကသိုလ်မှာ ယာယီတက္ကသိုလ် ကောင်စီ ၆၀ နဲ့ ဘာသာရပ်ဆိုင်ရာဘုတ်အဖွဲ့ပေါင်း ၂၈ဖွဲ့ တို့ ပူးပေါင်းကာမြန်မာ့နွေဦးတက္ကသိုလ်ကို ဖော်ဆောင်ခဲ့ပြီး မဟာဌာန ၁၅ ခုက ဘာသာရပ်ပေါင်း ၄၅ ခုအတွက် ဘွဲ့ဒီဂရီပေါင်း ၁၄၇ ခုကို သင်ကြားပို့ချပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့နွေဦး တက္ကသိုလ်ဟာ ဘာသာရပ်စုံ တက္ကသိုလ်တစ်ခုဖြစ်ပြီး ဝိဇ္ဇာသိပ္ပံဘာသာရပ်များ၊ စီးပွားရေးပညာသာရပ်များ၊ အနုညာဘာသာရပ်များ၊ စိုက်ပျိုးရေးပညာဘာသာရပ်များ၊ သမဝါယမ ဘာသာရပ်များ၊ တိရစ္ဆာန်ဆေးပညာနဲ့ မွေးမြူရေးဘာသာရပ်တွေကို သင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ပညာသင်ကြားရေး ဆရာ၊ဆရာမပေါင်း ၅၃၂ ဦးနဲ့ စီမံခန့်ခွဲရေးဝန်ထမ်းပေါင်း ၂၀၁ ဦးတို့အပြင် သက်ဆိုင်ရာ ဘာသာရပ်တွေမှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားပေါင်း ၁၃၀၈၆ တက်ရောက်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် အင်တာနက် ရရှိမှုခက်ခဲနေတဲ့  ဒေသတွေမှာလည်း ကသုံးလုံးဒေသ- 3K campusကို ဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူ ၈၀၀ကျော်ကို နှစ်သုတ်ခွဲကာသင်ကြားပေးနေရာ ကျောင်းသား ကျောင်းသူ ၃၇၆ ဦးကို သက်ဆိုင်ရာ ဘွဲ့ဒီဂရီတွေ ပေးအပ်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

မြန်မာ့နွေဦးတက္ကသိုလ်ကနေ အွန်းလိုင်းနဲ့ မြေပြင်ကနေ ဘွဲနှင်း သဘင် နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး စုစုပေါင်း ဘွဲ့ရရှိသူ ၆၁၈ဦး ကို မွေးထုတ်ပေးနိုင်ခဲ့သလို တတစ်ဆက်ထဲမှာပဲ တက္ကသိုလ်စာကြည့်တိုက် တည်ထောင်နိုင်ဖို့ပြင်ဆင်နေတယ်လို့လည်း မြန်မာ့နွေဦးတက္ကသိုလ်က အသိပေးထားပါတယ်။

ဒါအပြင် မြန်မာ့နွေဦးတက္ကသိုလ်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း သင်ကြားရေးဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေပြီး ဖိလစ်ပိုင်နိုင်ငံရှိ University of Santo Tomas (UST) နဲ့သင်ကြားရေးဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက် ညှိနှိုင်းနေသလိုတခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့နွေဦးတက္ကသိုလ်ဟာ တော်လှန်တက္ကသိုလ် တခုဖြစ်တာနဲ့အညီ CDM ဆရာ၊ ဆရာမများ၊ CDM ကျောင်းသား၊ ကျောင်းသူများအတွက် အစွမ်းကုန် ပါဝင်ဆောင်ရွက်နေမှာ ဖြစ်ကြောင်း နဲ့ မြန်မာ့နွေဦးတက္ကသိုလ် (၃) နှစ် ပြည့်မှသည် နှစ်ပေါင်းများစွာတိုင်အောင် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ထမ်းဆောင်နိုင်သော၊ ပညာရေးဆိုင်ရာ အဓိကသော့ချက် နေရာတခုအဖြစ် အစဉ်အမြဲ ရပ်တည်နိုင်တဲ့ တက္ကသိုလ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button