မကွေးသတင်း

မြိုင်မြို့နယ်က ကျေးရွာတွေနဲ့ ရေနံမှော်တွေကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ဦးသေ ငါးဦးဒဏ်ရာရ

မယ်ပ/MFP၊အောက်တိုဘာ – ၈

မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေနဲ့ မြောက်ပိုင်းက ရေနံမှော်တွေကို စစ်အုပ်စုက တစ်ရက်ထဲ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ MFP ရဲ့သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၇ ရက် မနက်အစောပိုင်း သန်းခေါင်ယံအချိန်မှာ တံတားဦးလေတပ်ကတက်လာတဲ့  Y- 12 အမျိုးအစား လေယာဉ် တစ်စီးနဲ့ မြိုင်မြို့နယ်တောင်ပိုင်း တွင်းမအုပ်စုအနီးကို ငါးကြိမ်  ဗုံးသီးအလုံး ၂၀ ခန့် ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ 

အလားတူ အဲဒီနေ့ မနက် ၁၀နာရီခွဲ အချိန်ကလည်း ပခုက္ကူတပ်မ – ၁၀၁ကတက်လာတဲ့ စက်တပ်လေထီးနှစ်စီးနဲ့ မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ရွာနဲ့ မှန်ရင်းရွာအကြားက ကျောက်ခွက်ရေနံမှော်ကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့တာကြောင့် ရေနံမြေအလုပ်သမား နှစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရေနံမှော်ကို ကြဲသွားတာ ဟုတ်တယ်။ သေသွားတဲ့ မှော်လုပ်သားနှစ်ဦးကလည်း အမျိုးသားတွေပဲ၊ ကျောက်ခွက်ရွာခံတွေပါ။ ဒီနေ့တော့ မှော်တစ်ခုလုံးလည်း ငြိမ်နေကြပါတယ်။ မနေ့ကကြဲတာကလည်း ဘေးကိုကျသွားလို့ မှော်တည့်တည့်သာ ကျရင် ပိုသေကြမှာ၊ သေဆုံးသွားသူတွေကိုတော့ ဒီနေ့နာရေး လုပ်မယ်လို့ သိထားပါတယ်”

အဲဒီနေ့ ညနေပိုင်းမှာပဲ စစ်အုပ်စုရဲ့  အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ -နမခ)ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ် သပြေညို ရေနံမှော်ဒေသကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပေမဲ့ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အခုနှစ် ဖေဖော်ဝါရီလကလည်း မြိုင်မြို့နယ် ရေနံမှော်က PDF မင်္ဂလာဆောင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၁ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ကတော့ ဩဂုတ်လ ၈ ရက်နေ့ကနေ ၁၄ ရင်နေ့အထိ မန္တလေးနဲ့ မကွေးတိုင်း အပါအဝင် ​ဒေသ ဆယ်ခုထက်မနည်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက် ခဲ့တာကြောင့် အရပ်သား ၆၂ ဦးသေဆုံးကာ ၁၂၁ ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဩဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုနှစ်အစောပိုင်းက ကျောက်ခွက်ရေနံမှော်က PDF မင်္ဂလာဆောင် ဗုံးကြဲခံရပုံ။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button