မန္တလေးသတင်း

နွားထိုးကြီးနယ်  စစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်အုပ်စုဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မယ်ပ/MFP၊ အောက်တိုဘာ – ၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းရွာက စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက အောက်တ်ိုဘာလ ၈ ရက် ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့်  ကလေးငယ်တွေ အပါအဝင် ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

လတ်တလောမှာ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ နွားထိုးကြီးမြို့တောင်ဖက် မကျီးကုန်းရွာက စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စသ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကလေးတွေ အတော်ထိတယ်လို့ပဲကြားတယ်။ နှစ်ဦးကတော့ ပေါင်ကိုဗုံးစမှန်တယ်။ တော်တော်လေး အခြေအနေဆိုးတယ်ပဲ သိတယ်။ ကျန်တာအသေးစိတ်က မသိရသေးဘူးဗျ။ ဆက်သွယ်ရေးတွေ ခက်နေတော့လေ”

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့အသေးစိတ် အခြေအနေကိုတော့ MFP အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုစစ်ကြောင်းတွေ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ ဘုန်းကြီးကျောင်းမှာ လာရောက်စစ်ရှောင်နေကြတာ နှစ်လခန့်ရှိနေပြီလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကလည်း ချောင်းဦးနယ်က ဆီမီးသပိတ်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ နှစ်ဆယ်ကျော် သေဆုံးကာ လေးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျားတက်ရွာကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါသေးတယ်။


စက်တင်ဘာလ ၈ ရက်နေ့က နွားထိုးကြီးနယ် ကျောက်တိုက်ရွာက ဘုန်းကြီးကျောင်းကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီူမှုတွေကို မြင်တွေ့ရစဉ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button