အီသာရမ်/MFP ၊အောက်တိုဘာ-၈
စစ်အုပ်စုကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူခံရဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူအခွင့်အရေးဆိုင်ရာဌာနက ချောင်းဦးနယ် လေကြောင်းတိုက်ခိုက်မှုနဲ့အတူ ထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ညမှာ ချောင်ဦးမြို့နယ် ဘုံတိုရွာက မူလတန်းစာသင်ကျောင်းဝန်းအတွင်းမှာ ပြုလုပ်တဲ့ ဆီးပီးထွန်းဆုတောင်းပွဲနဲ့ စစ်အုပ်စုပြုလုပ်မယ့်ရွေးကောက်ပွဲအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြဖို့ လူစုဝေးနေချိန်မှာ စစ်အုပ်စု စက်တပ်လေထီးနဲ့ ၁၂၀မမ ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၁၉ ဦးသေဆုံးကာ လူ ၄၀ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု အနောက်မြောက်တိုင်း စစ်ဌာနချုပ် က တပ်လာတဲ့ စက်တပ်လေထီးနဲ့ဗုံးသီးနှစ်လုံးကြဲချသတ်ဖြတ်လို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးဝါးကုသမှုပေးနေချိန်မှာလည်း စက်တက်လေထီး နှစ်စီးနဲ့ ဗုံးသီးတွေ ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုကြဲချတဲ့ဗုံးသီးကျရောက်ပေါက်ကွဲပြီး အသက် ၁၈နှစ်အောက် ကလေးငယ် သုံးဦး၊ သပိတ်ကော်မတီက အမျိုးသားလေးဦးအပါအဝင် အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ပြီး အယောက် ၄၀ ခန့် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဗုံးကြောင့် သေဆုံးထိခိုက်ဒဏ်ရာသူတွေ အများစုက ချောင်ဦးမြို့နယ်နဲ့မုံရွာနယ်တို့ကဖြစ်ပြီး ဗုံးဒဏ်ကြောင့် မူလတန်းကျောင်းဆောင် နှစ်ဆောင်၊ကားနှစ်စီး၊ဆိုက်တွဲနှစ်စီးနဲ့ဆိုင်ကယ်လေးစီးတို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် စစ်အုပ်စုက ပြည်သူလူထုကို ဖိအားပေးပြုလုပ်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး တော်လှန်ရေးဘက်ကိုလည်း စစ်အုပ်စုက အကြမ်းဖက်ဖိအားပေးကာ ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူခံရနိုင်ဖို့အတွက် လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမှာဖြစ်တယ်လို့ ကတိပြုပြောကြားပါတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာနဲ့ပြည်တွင်းပြည်ပက အုပ်စုတွေ အနေနဲ့ အခုဖြစ်ရပ်တွေကို မျက်ကွယ်ပြုပြီး စစ်အုပ်စုလုပ်မဲ့ ရွေးကောက်ပွဲကို တားဆီးဟန့်တားမှုတွေ မပြုလုပ်ပါက စစ်အုပ်စုက အကြမ်းဖက်တာတွေ ဒီထက်ပိုမို လုပ်ဆောင်လာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



