စစ်ကိုင်းသတင်း

ချောင်းဦးသပိတ် ဗုံးကြဲခံရမှုမှာ  စစ်ကိုင်းယူနစ်အစိုးရအဖွဲ့ဝင် ကိုချမ်းငြိမ်းအောင်နဲ့အတူ မိသားစုဝင်သုံးဦး သေဆုံး

ထက်ဖြိုး/ MFP ၊ အောက်တိုဘာ – ၈

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးနယ် ဆီမီးသပိတ် အောက်တိုဘာလ ၆ ရက်က စစ်အုပ်စုဗုံးကြဲလို့ ပြည်သူ ၂၀ခန့် သေဆုံးတဲ့ထဲမှာ စစ်ကိုင်းဖက်ဒရယ်ယူအစိုးရ  စိစစ်ရွေးချယ်ရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုချမ်းငြိမ်းအောင်လည်း သေဆုံးသွားခဲ့တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ဗုံးကျဲလို့ ကျဆုံးသွားတဲ့အထဲမှာ  မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားဟောင်း ကိုချမ်းငြိမ်းအောင်နဲ့အတူ မိခင်၊ အစ်မနဲ့ တူမ ဖြစ်သူတို့ပါ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကိုချမ်းငြိမ်းအောင်ရဲ့ မိခင်နဲ့ အစ်မဖြစ်သူတို့ဟာ ဗုံးကြဲခံရတဲ့ နေရာနဲ့ နီးကပ်လွန်းတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဗုံးစထိမှန် သေဆုံးခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့မှာပဲ သဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကိုချမ်းငြိမ်းအောင်ဟာ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီဝင် လူငယ်တစ်ဦးဖြစ်သလို အခုလ အောက်တိုဘာ ၁ ရက်က ဖွဲ့စည်းလိုက်တဲ့ ယူနစ်အစိုးရအဖွဲ့ စိစစ်ရွေးချယ်ရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တယ်လို့ ယူနစ်လွှတ်တော် ဥက္ကဌ ဦးမြင့်ထွေးက‌ ပြောပါတယ်။

ကော်မရှင်မှာ သပိတ်အင်အားစုထဲက တစ်ဦး လစ်လပ်သွားတာကြောင့် သပိတ်အင်အားစုထဲက တင်ပြလာသူတစ်ဦးကို လွှတ်တော်ကို တင်ပြပြီး ပြန်လည်အစားထိုးသွားမှာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

“သပိတ်အဖွဲ့အစည်းကနေ ကိုယ်စားပြု ငါးယောက်ဆိုပြီး ပါလာတယ်။ ပြီးတော့ စိစစ်ရွေးချယ်ရေးကော်မရှင် အဖွဲ့ဝင်ဖြစ်တယ်။ သူကျဆုံးသွားတဲ့အတွက် အစားဖြည့်မှာလားလို့မေးရင် အစားဖြည့်ဖို့အစီအစဉ်ရှိပါတယ်ဗျ။ စိစစ်ရွေးချယ်ရေးမှာ အလှည့်ကျသဘာပတိစနစ်နဲ့ တည်ဆောက်ထားတဲ့ အင်အားစုက ခုနှစ်စုပေါ့။ ခုနှစ်စုက အလှည့်ကျသဘာပတိကနေ တာဝန်ယူပြီးတော့ လစ်လပ်သွားတဲ့ အဖွဲ့ဝင်နေရာတွေကို သက်ဆိုင်ရာ အင်အားစုဆီကို ပြန်ပြီးတော့ တောင်းခံရမယ်။ အစားထိုးခန့်အပ်မယ်။ အဲဒါကို လွှတ်တော်တင်ရမယ်။ လွှတ်တော်က အတည်ပြုရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်ဗျ”

စစ်ကိုင်းယူနစ် အစိုးရအဖွဲ့ စိစစ်ရွေချယ်ရေးကော်မရှင်ထဲမှာ သပိတ်အင်အား၊ အာဏာသိမ်းစစ်အုပ်စုနဲ့ ပူးပေါင်းခြင်းမရှိတဲ့ ၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ လူမျိုးစုကိုယ်စားလှယ်တွေ၊ CDM နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တွေနဲ့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ အချိုးကျ ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲဒီ အဲဒီအစုအဖွဲ့ ခုနှစ်ဖွဲ့ထဲက တစ်ဖွဲ့ကို ငါးဦးစီနဲ့ ၃၅ ဦး အချိုးကျ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် သေဆုံးသူတွေအထဲမှာ မုံရွာအမြင့်လမ်းသပိတ်ကော်မတီ ကိုချမ်းငြိမ်းအောင်အပြင် ကိုညီညီဇော်၊ ကိုကံမြင့်နဲ့  ချောင်းဦးသပိတ်ကော်မတီဝင်တဦးတို့ ပါဝင်သလို မုံရွာအခြေစိုက် We Are People က ရဲဘော်တဦးနဲ့ PDF သုံးဦး အရပ်သားပြည်သူ ၁၀ ဦးကျော်ပါဝင်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button