ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၉
စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့နယ် အနောက်ခြမ်းကနေ မြို့နဲ့အနီးဝန်းကျင်အထိ အင်အား ရာနဲ့ချီပါတဲ့ SNA နဲ့ စစ်အုပ်စု ပူးပေါင်းစစ်ကြောင်းရောက်ရှိလာပြီး ရွာတွေကို စီးနင်းကာ ပြည်သူတွေကို ဖမ်းဆီးထားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
စစ်အုပ်စုပူးပေါင်းစစ်ကြောင်းဟာ အလယ်ရွာ၊ ကံရွာ၊ ပင်ဟင်းခါး၊ ရွှေကျောင်း၊ စက်တောရွာနဲ့ ခမိုးရွာတွေကို စီးနင်းထားပြီး အဲဒီကျေးရွာတွေက ပြည်သူတွေအပြင် အနီးအနားရွာတွေက ပြည်သူတွေကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
“နှစ်ရွာတော့ မကလောက်ဘူး။ အလယ်ရွာ၊ ကံရွာ၊ စက်တော၊ ခမိုး အဲဒီနားတစ်ဝိုက်က ရွာတွေပေါ့။ စစ်ကြောင်းအလုံးအရင်းနဲ့မို့ အဲဒီရွာတွေကနေ လက်လွတ်လိုက်ရတဲ့ သဘောပါ။ လက်ရှိ အဲဒီရွာတွေမှာ(SNAနဲ့စစ်အုပ်စု) ရှိနေသေးတယ်”
စစ်အုပ်စုတပ်တွေ ဖမ်းဆီးခံထားရတဲ့ ပြည်သူအရေအတွက်နဲ့ အချက်အလတ် အတိအကျကိုတော့ MFP အနေနဲ့ သီးခြားအတည်ပြု နိုင်တာမျိုး မရှိသေးပါဘူး။
ဗန်းမောက်နယ်အနောက်ခြမ်း ကြောင်လည်ရွာဘက်တွေမှာ SNA အနေနဲ့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အထိုင်စခန်းချ စိုးမိုးထိန်းချုပ်ထားပြီး ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ပြီးချိန်မှာ ထွက်ပြေးသွားတဲ့ SNA တပ်ဖွဲ့တွေကို တော်လှန်ရေးအင်အားစုတွေက အဲဒီဒေသတွေအထိ လိုက်လံချေမှုန်းခဲ့တာ ဖြစ်ပါတယ်။
ဒါ့ပေမဲ့ အခုရက်ပိုင်းတွေမှာ SNA နဲ့ စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာချိန်မှာ အလယ်ရွာ၊ ကံရွာ၊ ပင်ဟင်းခါး၊ ရွှေကျောင်း၊ စက်တောရွာနဲ့ ခမိုးရွာတွေကနေ တော်လှန်ရေးအင်အားစုတွေက နောက်ပြန်ဆုတ်ပေးလိုက်ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဗန်းမောက်ကို ပြန်ရဖို့ သူတို့ကြိုးစားနေတာပေါ့။ သူတို့အနောက်ခြမ်းဘက်ကို ကိုယ့်ဘက်က တဖြည်းဖြည်းနဲ့ ထိုးဖောက်တယ်ဆိုတော့ ဗန်းမောက်မြို့အပြင် အနောက်ခြမ်းပါ ထပ်ပါသွားမှာစိုးလို့ ပြန်ထိုးစစ်ဆင်နေတဲ့ သဘောပါပဲ”
SNA နဲ့ စစ်အုပ်စု ပူးပေါင်းစစ်ကြောင်းဟာ ဗန်းမောက်မြို့နဲ့ သုံးမိုင်ခန့်အကွာ ခမိုးရွာအထိရောက်ရှိပြီး နေ့စဉ် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးတာအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေပြီး ဗန်းမောက်မြို့ကို ပြန်ရနိုင်ဖို့ အသည်းအသန် ကြိုးစားနေတာလို့ ဒေငခံတွေက ပြောပါတယ်။
ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မြို့နေလူထုကတော့ ဗန်းမောက်နယ်အရှေ့ခြမ်းနဲ့အနောက်ခြမ်းတွေမှာ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



