မကွေးသတင်း

အမ်း-ပဒါန်းလမ်းမပေါ်က နတ်ရေကန်စခန်းမှာ တိုက်ပွဲ ဆက်ပြင်းထန်နေ

ထက်ဖြိုး/ MFP ၊ အောက်တိုဘာ – ၉

မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည် အမ်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမပေါ်ရှိ အမ်း-ပဒါန်းလမ်းကြောပေါ်က စစ်အုပ်စုရဲ့ နတ်ရေကန်စခန်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော်က ပြောပါတယ်။

အောက်တိုဘာလ အစပိုင်းက နတ်ရေကန်အနီးက ဂုတ်ကြီးရွာ စစ်အုပ်စုစခန်းအပါအဝင် ကာကင်းစခန်းတချို့ကို သိမ်းပိုက်ပြီးနောက် နတ်ရေကန်ကို တော်လှန်ရေးအင်အားစုတွေက ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကစလို့ နတ်ရေကန်ရှိရာကို မကွေးနဲ့မင်းဘူးမြို့နယ်တွေက စစ်အုပ်စုအင်အားတွေကို ထုတ်နှုတ်ပြီး အင်အားတွေပို့လွတ်ခဲ့ရာ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်က ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

“တိုက်ပွဲတော့ ဆက်ပြီးတော့ ပြင်းထန်နေပါတယ်။ အင်အားထပ်တိုးထားတာတွေရှိပါတယ်။ စစ်တပ်ဘက်က”

နတ်ရေကန်စခန်းဟာ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) ရဲ့ အဓိကခံစစ်စခန်း တစ်ခုဖြစ်တာကြောင့် စခန်းမကျရေးအတွက် စစ်အုပ်စုက လေကြောင်းတွေပါ အသုံးပြု တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ အစပိုင်းကတည်းက နတ်ရေကန်စခန်းကို ကာပေးထားပြီး ဟောင်ဝှစ်ဇာလက်နက်ကြီးတွေပါ တပ်ဆင်ထားတဲ့ ဂုတ်ကြီးရွာကာကင်းစခန်း၊ စွန်တက်ရွာကာကင်းစခန်းနဲ့ အွတ်ထွဋ်ဇူန်းတောင်ကုန်းပေါ်က စခန်းတွေကို သိမ်းပိုက်ပြီးနောက် နတ်ရေကန်ကို သွားမယ့် လမ်းကြောတွေကို စိုးမိုးလိုက်နိုင်တာကြောင့် နတ်ရေကန်စခန်းအနေနဲ့ ပိတ်ဆို့ခံထားရတဲ့ အခြေအနေကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။

နတ်ရေကန်စခန်းရဲ့ အောက်ဘက်မှာဆိုရင် ဂုတ်ကြီး၊ ဗစီနဲ့ အွတ်ထွဋ်ဇူန်းတောင်ကုန်းပေါ်မှာ အထိုင်ချထားတဲ့ စခန်းတွေက အကြီးဆုံးစခန်းတွေဖြစ်ပြီး လင်းတဲ၊ စွန်တက်အပါအဝင် တခြားကာကင်းစခန်းငယ်တွေကိုလည်း သိမ်းပိုက်ပြီးဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေဟာ ကာကင်းစခန်းတွေကို သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တာကြောင့် အမ်း-ပဒါန်းလမ်းအတိုင်း မကွေးတိုင်းအတွင်းဘက်က ရိုးမတောင်ခြေကို တဖြည်းဖြည်းချင်းရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဂုတ်ကြီးစခန်းကို သိမ်းပိုက်လိုက်နိုင်တာကြောင့် ရိုးမအောက်ဘက်က ပဒါန်းမြို့ကို ရောက်ရှိဖို့ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေဟာ ၁၀ မိုင်ကျော်လောက်သာ လိုတော့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာလက စွန်တက်ရွာတိုက်ပွဲမှာ စစ်အုပ်စုစခန်းကို တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိထားတဲ့ စစ်လက်နက်တွေကို AA ထုတ်ပြန်ထားပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button