စစ်ကိုင်းသတင်း

ကန့်ဘလူနယ် ထန်းတပင်ရွာကို စစ်အုပ်စုစီးနင်းပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးကာ နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့

ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက် စစ်အုပ်စုစခန်းနဲ့ ကပ်လျက်မှာရှိတဲ့ ထန်းတပင်ရွာကို စစ်အုပ်စုက အောက်တိုဘာလ ၉ ရက် ဒီမနက်ပိုင်းက စီးနင်းဝင်ရောက်ပြီး ပြည်သူ ၂၅ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒေသခံတွေကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထန်းတပင်ရွာက နေအိမ် ၁၂၀ လောက်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အိမ်ခြေ ၁၂၀ လောက်ပါသွားတယ်။ လူကတော့ ယောက်ျားလေး၊ မိန်းကလေးပေါ့။ အရွယ်ကောင်းတွေကို ဆွဲထားတာ မိန်းကလေးတွေရောပါတယ်။ ၂၅ ဝန်းကျင်လောက်တော့ ရှိမယ်နဲ့တူတယ်”

ဇီးကုန်းမြို့ပေါ်နဲ့ ဇီးကုန်းသကြားစက်အထိုင်စခန်းတွေကနေ ကန့်ဘလူနယ်တောင်ခြမ်းက ကျေးရွာတွေကို လစဉ် စစ်ကြောင်းထိုးလေ့ရှိတယ်လို့ ဆိုပါတယ်။

ထန်းတပင်ရွာဟာ စစ်အုပ်စုစခန်းနဲ့ အရှေ့ဘက်အနောက်ဘက် ကပ်လျက်မှာတည်ရှိတာကြောင့် စစ်အုပ်စုအနေနဲ့ စီးနင်းဝင်ရောက်လေ့မရှိဘဲ အခုမှသာ ဝင်ရောက်စီးနင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ဒေသခံတွေကိုတော့ စစ်အုပ်စုအထိုင်စခန်းရှိတဲ့ ဇီးကုန်းသကြားစက်ကို ခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၅ အောက်တိုဘာလ ၉ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၇,၃၆၀ ဦး သေဆုံးခဲ့ပြီး ၂၉,၈၀၁ ဦး ဖမ်းဆီးခံထား ရတယ်လို့ ဖော်ပြထားပါတယ်။

Photo – ထန်းတပင်ရွာ ပုံဟောင်း။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button