စစ်ကိုင်းသတင်း

ဆီမီးသပိတ်ကို ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုက မုံရွာ-မန္တလေး လမ်းပိုင်းကို အင်အားတိုးချထားပြီး စစ်ကြောင်းထိုးဖို့ ပြင်နေ

MN/MFP ၊ အောက်တိုဘာ – ၉

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးနယ်ထဲက ဆီမီးသပိတ်ကို စစ်အုပ်စု လေကြောင်းက ဗုံးကြဲသတ်ဖြတ်ခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်မှာ မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာ အင်အားတွေ တိုးချထားပြီး အနီးမနားဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၉ ရက် ဒီကနေ့မှာတော့ စစ်အုပ်စုက မုံရွာ-မန္တလေးလမ်းပိုင်းက တစ်နေရာဖြစ်တဲ့ မြောင်လမ်းခွဲနဲ့ ချောင်းဦးနယ်ကြားမှာ ခရီးသွားပြည်သူတွေနဲ့ ခရီးသည်ကားတွေကို တားဆီးထားပြီး လမ်းပိတ်ဆို့ခဲ့သလို အင်အားတိုးဖြည့်တာတွေ လုပ်ဆောင်နေတာ တွေ့ရတယ်လို့ အဲဒီအခြေအနေကိုသိတဲ့ နယ်မြေခံသတင်းရင်းမြစ်က ဆိုပါတယ်။

“မြောင်လမ်းခွဲကနေ ကားအစီးရေ ရာနဲ့ချီပိတ်မိနေတာ။ အဲဒါကို တစ်စီးချင်းပေးလွှတ်နေတာပေါ့။ သူတို့(စစ်အုပ်စု)က ခရီးသွားပြည်သူတွေကို ကာဗာယူပြီးတော့ စစ်ကြောင်းထိုးဖို့လုပ်နေတာ တွေ့ရတယ်။ မနေ့ညကတည်းက သူတို့ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာ။ အခုထိတော့ စစ်ကြောင်းထိုးလာတာ မတွေ့ရသေးဘူး”

မုံရွာနဲ့ ချောင်းဦးနယ်အစပ်မှာ သီတင်းကျွတ်လပြည့်နေ့ညက ဆီမီးထွန်းပွဲနဲ့ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆီမီးသပိတ်ပြုလုပ်နေတဲ့ လူအုပ်ထဲကို စစ်အုပ်စုက ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသခွင့်မရစေဖို့အတွက် မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာ စစ်အုပ်စုနဲ့ ပျူတွေက ဆေးဝါးသယ်ယူတာတွေနဲ့ ဆေးနဲ့ဆက်စပ်ပစ္စည်းသယ်ယူတာတွေကို တင်းကြပ်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာဖြစ်ပြီး စစ်ကြောင်းထိုးဖို့ပါ လုပ်ဆောင်လာတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းထိုးတာမရှိသေးပေမဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ဘုံတိုရွာအပါဝင် အနီးဝန်းကျင်က ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မုံရွာနဲ့ ချောင်းဦးနယ်အစပ်က ဘုံတိုရွာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ညက ပြုလုပ်ခဲ့တဲ့ ဆီမီးထွန်းပွဲနဲ့ အတုအယောင်ရွေးကောက်ပွဲအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတာကို စက်တပ်လေထီးနဲ့ ၁၂၀ – မမ ဗုံးသီး နှစ်လုံး ကြဲချခဲ့တာကြောင့် ကလေးငယ်တွေနဲ့ သပိတ်အင်အားစု ရဲဘော်တွေအပါဝင် စုစုပေါင်း ၂၄ ဦးသေဆုံးခဲ့ပြီး ၅၀ ကျော်မနည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြေပြင်မှာ ကူညီနေသူတွေက ပြောပါတယ်။ 

၂၀၂၅ ခုနှစ် မတ်လက မုံရွာ-မန္တလေး လမ်းပိုင်းကို မြင်တွေ့ရပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button