ဘဦး/MFP၊ အောက်တိုဘာ – ၁၁
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်ကို ဖြိုချကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ယန်စီကုမ္မဏီ ယမနေ့ညနေပိုင်းက ဒုတိယအကြိမ်အဖြစ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး တရုတ်ကုမ္ပဏီဝင်းထဲ ပေါက်ကွဲသံတချို့ ကြားရတယ်လို့ ဒေသခံတွေက MFP ကိုပြောပါတယ်။
အောက်တိုဘာ ၁၀ ရက် ညနေ၆နာရီခွဲအချိန်မှာ တရုတ် ယန်စီ ကုမ္ပဏီဝင်းထဲ လက်နက်ကြီး ပစ်ခတ်ခံရတာ ဖြစ်ပြီး ပေါက်ကွဲသံ သုံးချက် ကြားရတယ်လို့ ဆိုပါတယ်။
ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ မသိရသေးသလို အထိအခိုက် ရှိ၊မရှိကိုလည်း မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အသံက အတော်ကျယ်တယ်၊ သုံးလုံးပေါက်ကွဲသံ ကြားရတယ်၊ ကြားကြားချင်း ကုမ္မဏီက ကားသံတွေ ရပ်တယ်၊ ဥသြဆွဲသံတွေ ဆူညံနေတယ်”လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်ကလည်း အဲ့ဒီ တရုတ်ပိုင် ယန်စီကုမ္မဏီကို ရှော့တိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံခဲ့ရပြီး ကြေးနီစက်ရုံဝင်းထဲ ပေါက်ကွဲသံ ခုနှစ်ချက်ခန့် ကြားရပြီးနောက် တရုတ်တွေက ကြေးနီတူးတာကို လေးရက်ကြာ ရပ်နားခဲ့ပါတယ်။
ယခု ဒုတိယအကြိမ် ပစ်ခတ်ခံရပေမယ့် တရုတ်တွေက ကြေးနီတူးတာကို မရပ်ဘဲ မနေ့က ညပိုင်း ပေါက်ကွဲမှုဖြစ်ပွားပြီးချိန် ခေတ္တရပ်နားကာ ဒီကနေ့ အောက်တိုဘာ ၁၁ရက် မနက်ပိုင်းမှာတော့ လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်ပိုင် မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီကုမ္မဏီတွေဟာ စစ်အုပ်စုနဲ့ ပေါင်းပြီး ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်နဲ့ စပယ်တောင်တွေကို ဖြိုကာ ကြေးနီတူးနေတာ ဖြစ်ပြီး စစ်အာဏာသိမ်းစက ဝန်ထမ်းအများအပြား CDM မှာ ပါဝင်တာကြောင့် တရုတ်တွေ ကြေးနီ မတူးနိုင်ဘဲ ကာလာကြာရှည် လုပ်ငန်းတွေ ရပ်နားခဲ့ရပေမယ့် ပြီးခဲ့တဲ့ လတွေအတွင်း ဒေသခံ Non CDM ဝန်ထမ်း ၃၀၀၀ လောက်နဲ့ ကြေးနီတူးလုပ်ငန်းတွေ ပြန်လည်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ တရုတ်တွေ တူးဖော်ထုတ်လုပ်ထားတဲ့ ကြေးနီတွေကို စစ်အုပ်စုက စစ်သင်္ဘောတွေနဲ့ သယ်ထုတ် ပေးနေပြီး ဝမ်ပေါင် လက်ပံတောင်းတောင်စီမံကိန်းက ကြေးနီတွေကို ဆားလင်းကြီးနယ် ထန်းတောကြီးရွာ ဆိပ်ကမ်းကနေ သယ်ထုတ်ကာ ယန်စီ စံပါယ်တောင်၊ ကြေးစင်တောင်စီမံကိန်းက တူးဖော် ထွက်ရှိတဲ့ ကြေးနီတွေကိုတော့ ကျောက်မြတ်တောင်ရွာ ဆိပ်ကမ်းကတဆင့် သယ်ထုတ်နေတာ ဖြစ်ပါတယ်။
အဲ့ဒီ ကြေးနီစက်ရုံတွေမှာ စစ်အုပ်စုက ဂိတ်စောင့်ပေးနေပြီး အဲ့ဒီ ဂိတ်အစောင့် စစ်အုပ်စုက ရိက္ခာပြတ်ပြီး ငတ်လာတိုင်း အနီးဝန်းကျင် ရွာတွေကို စီးနင်းဝင်မွှေ လုယက်မီးရှို့တာ၊ လမ်းပေါ်တက် ဂိတ်ဖွင့် ငွေညှစ်တာ၊ ခိုးရာပါ ပစ္စည်းတွေနဲ့ မူးရူးသောက်စားပြီး အနီးဝန်းကျင် ရွာတွေကို လက်နက်ကြီး ထုတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ပံတောင်းတောင်ကို ဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ကုမ္မဏီ ဝန်ထမ်းတွေ/Photo – မြန်မာဝမ်ပေါင် ကုမ္မဏီ



