ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၁၁
မကွေးတိုင်း ငဖဲမြို့နယ်နဲ့ ရခိုင်ပြည် အမ်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမပေါ်က နတ်ရေကန်စခန်းကို သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးအင်အားစုတွေက ဆက်တိုက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
အောက်တိုဘာလ အစောပိုင်းကတည်းက နတ်ရေကန်တောင်ကုန်းစခန်း ပတ်ချာလည်က ကာကင်းစခန်းအများစုကို သိမ်းပိုက်နိုင်ခဲ့ပြီး အကြီးဆုံး စခန်းတစ်ခုဖြစ်တဲ့ နတ်ရေကန်တောင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ဖို့ AAနဲ့ တော်လှန်ရေးအင်အားစုတွေက ဆက်တိုက်ထိုးစစ်ဆင်နေတာကြောင့် နေ့စဉ်တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ နတ်ရေကန်တောင်ကုန်းစခန်း တောင်ပေါ်တစ်လျှောက်မှာ အဆင့်ဆင့်ချထားတဲ့ စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ထိပ်ဆုံးကိုတော့ မရောက်သေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
“နတ်ရေကန်ပြီးရင် ကပစ- ၁၄ ကို ထိုးမယ်ဆိုရင် ထိုးလို့ရသွားမယ့်အခြေအနေရောက်သွားမှာပေါ့။ မြေပြန်ကို ရောက်သွားမှာပေါ့။ နတ်ရေကန်ကျရင် တောင်ပေါ်လုံးလုံးကတော့ လက်လွှတ်လိုက်ရမှာ ဖြစ်သွားမယ်”
တရုတ်အကူအညီနဲ့ လားရှို့မြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နဲ့ နောင်ချို့မြို့တွေကို စစ်အုပ်စုက ပြန်လည်ရယူပြီးနောက် စက်တင်ဘာလ အစောပိုင်းမှာ ရှမ်းမြောက်ကနေ အောင်ပွဲတွေ ရယူလာတဲ့ပုံစံနဲ့ ခွန်အားပေးပြီး အသစ်စုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားအသစ်တွေ ပါဝင်တဲ့ အင်အားတစ်ထောင်ကျော် စစ်ကြောင်းဟာ မကွေးတိုင်း- ရခိုင်ပြည်-ဧရာဝတီတိုင်း အစပ်က ဒေသတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အထူးသဖြင့် မကွေးနဲ့ ရခိုင်ပြည်အစပ် အမ်း-ပဒါန်းလမ်းကြောပေါ်က နတ်ရေကန်အနီးမှာ စစ်အုပ်စုက အင်အားအများဆုံးအသုံးပြုပြီး ထိုးစစ်လာလာပေမဲ့ အောက်တိုဘာလ အတွင်းမှာပဲ သုံးကြိမ်တိုင်တိုင် နောက်ပြန်လန်ကျခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အောက်တိုဘာလ အစောပိုင်းက နတ်ရေကန်ကာကင်းစခန်းတစ်ခုဖြစ်တဲ့ ဂုတ်ကြီးရွာစစ်အုပ်စုစခန်း သိမ်းပိုက်ခံရပြီးနောက်မှာ မကွေးနဲ့ မင်းဘူးဘက်ကနေ နတ်ရေကန်ဘက်ကို အင်အားတွေ ထပ်တိုးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နတ်ရေကန်စခန်းကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာပဲ စစ်အုပ်စုအနေနဲ့ စခန်းမကျရေးအတွက် လေကြောင်းကနေလည်း နေ့စဉ် ခုခံကာကွယ် ဗုံးကြံနေတယ်လို့ သတင်းရင်းမြစ်တချို့က ဆိုကြပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



