မန္တလေးသတင်း

မန္တလေးမှာ မဲစာရင်းတွေ မဖြစ်မနေသွားကြည့်ဖို့ ဒေသခံတွေကို စစ်အုပ်စုဖိအားပေး

အီသာရမ်/MFP ၊အောက်တိုဘာ-၁၁

မန္တလေးတိုင်းအတွင်းက ရွေးကောက်ပွဲကျင်းပမဲ့ မြို့နယ်တချို့မှာ အောက်တိုဘာလကစပြီး မြို့နယ်အလိုက် မဲစာရင်းလိုက်လံကောက်‌ယူတာနဲ့ ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေကို သွားရောက်ကြည့်ရှုဖို့ ဒေသခံတွေကို ဖိအားပေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာလည်း မဟာအောင်မြေမြို့နယ်မှာ စစ်အုပ်စုက မဲစာရင်းလိုက်လံကောက်တာတွေ ပြုလုပ်နေတာဖြစ်ပြီး မဲစာရင်းကပ်ထားတာတွေကိုလည်း ရပ်ကွက်ရုံးတွေမှာ မဖြစ်‌မနေ သွားရောက်ကြည့်‌ရှုဖို့ ဖိအားပေးနေတာတွေ ရှိနေတယ်လို့ မန္တလေးမြို့ ဒေသခံတစ်ဦးက‌ ပြောပါတယ်။

“အကိုတို့ရပ်ကွက်တွေက မဲစာရင်းက ကပ်ထားတာ ဝတ္တရားအရ သွားကြည့်တဲ့ဟာရှိတာပေါ့။ မကြည့်ချင်လည်းသွားကြည့်ရတာ၊ တစ်အိမ်တစ်ယောက်သဘောပါဘဲ ဟိုတနေ့က အိမ်ကသွားကြည့်တာ အကုန်ပါတယ်ပြောတယ်။ မဖြစ်မနေကြည့်ခိုင်းတာ မဖြစ်မနေလည်း ထည့်ရမဲ့ပုံစံရှိတယ် တကယ်လို့ ကိုယ်ထည့်ချင်မှထည့်မယ် စာရင်းကျန်မယ်ဆိုရင် ဒီကောင်တွေက အရေးယူမယ့်ပုံစံရှိတယ်”

စစ်အုပ်စု မဲစာရင်းကပ်တာတွေကို ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေကနေတဆင့် တစ်အိမ်တစ်ယောက်မဖြစ်မနေ လာရောက်ကြည့်ခိုင်းတာဖြစ်ပြီး မဲပေးတဲ့အချိန်မှာလည်း မဖြစ်မနေမဲပေးရမဲ့ အနေအထားမျိုး ခြိမ်းခြောက် ပြောဆိုတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာလည်း မဟာအောင်မြေမြို့နယ် ၃၇ လမ်း ၈၁-၈၂ လမ်းကြားက ဓမ္မာရုံမှာလည်း စစ်အုပ်စုက မဲစာရင်းကောက်တာနဲ့ ပြုပြင်တာတွေ ပြုလုပ်နေတာဖြစ်ပြီး စစ်အုပ်စုက မဖြစ်မနေ လာရောက်ခိုင်းတာကြောင့် သွားရောက်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လာမဲ့ ဒီဇင်ဘာလမှာ စစ်အုပ်စု ထိန်းချုပ်လို့ရတဲ့ မြို့နယ်တွေ နဲ့ ကျေးရွာအုပ်စုတို့ကို ရွေးကောက်ပွဲ  ပြုလုပ်ဖို့အတွက် ပြည်သူတွေကို အတင်းအကြပ်ဖိ‌အားပေး လုပ်ဆောင်နေတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အတိုက်အခံအင်အားစုတွေ တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း စစ်အုပ်စုရွေးကောက်ပွဲကို မပါဝင်ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ 

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက် ၃၇ လမ်းနဲ့ ၈၁- ၈၂ လမ်းကြားကာ ရတနာကောသဘုရာဝန်းအတွင်းက မန်းသိရိန်ဓမ္မာရုံတွင် မဲစာရင်းကြည့်ရှုနေပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button