သပိတ်ကျင်း ဖော့တောလမ်းဆုံအနီး ဝါးဖြူတောင်ရွာမှာ တိုက်ပွဲဖြစ်နေ၊
မန္တလေး - မိုးကုတ် လမ်းပေါ် ခြေချနိုင်ဖို့ စစ်အုပ်စု နှစ်ဖွဲ့ခွဲ ထိုးစစ်ဆင်နေပြီး ကားလမ်း သွားလာခွင့် ယာယီ ပိတ်ထား၊

မန္တလေး – မိုးကုတ် လမ်းပေါ် ခြေချနိုင်ဖို့ စစ်အုပ်စု နှစ်ဖွဲ့ခွဲ ထိုးစစ်ဆင်နေပြီး ကားလမ်း သွားလာခွင့် ယာယီ ပိတ်ထား၊
ထင်လင်း/MFP၊ အောက်တိုဘာ – ၁၁
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က ဖော့တောလမ်းဆုံ နေရာကို ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေပြီး လက်ရှိမှာ ဖော့တောလမ်းဆုံနဲ့ ပေ ၂၀၀၀ ကျော်အကွာ ဝါးဖြူတောင်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွါးနေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်းယူနိုင်ပြီးနောက် မန္တလေး – မိုးကုတ် ကားလမ်းပေါ် ပြန်လည် ခြေချနိုင်ဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုဟာ ဖော့တောလမ်းဆုံနေရာကို ပြန်ရဖို့ မန္တလေး-မိုးကုတ် ကားလမ်းမကြီးရဲ့ အနောက်ဘက်ခြမ်း၊ လမ်းလယ်ကျစ် ကျေးရွာဘက်ကနေတစ်ဖွဲ့၊ သပိတ်ကျင်းမြို့ ၇မိုင်ရွာဘက်ကနေ ကားလမ်းမကြီးအတိုင်း တစ်ဖွဲ့၊ နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့နဲ့ ၇မိုင်ရွာဘက်က ထိုးလာတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ၇မိုင်ရွာအနီးရှိ တော်လှန်ရေး တပ်တွေရဲ့ ရှေ့တန်းစခန်းနဲ့ ၉မိုင်ရွာတို့ကို ပြန်သိမ်းယူနိုင်ပြီး လက်ရှိမှာ မိုးကုတ်-ဖော့တော လမ်းဆုံနဲ့ ပေ ၂၀၀၀ ကျော် အကွာမှာရှိတဲ့ ဝါးဖြူတောင် ကျေးရွာအနီးထိ ရောက်ရှိလာလို့ တိုက်ပွဲဖြစ်နေတာလို့ တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
“ဝါးဖြူတောင် တစ်ဝက် စကစ လက်ထဲမှာ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
တိုက်ပွဲကြောင့် မန္တလေး – စဉ့်ကူး – မိုးကုတ် အဓိက လမ်းဆုံဖြစ်တဲ့ ဖော့တောလမ်းဆုံကို အောက်တိုဘာ ၁၁ရက် ဒီကနေ့ကစပြီး သွားလာအသုံးပြုခွင့် ခေတ္တရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖော့တောလမ်းဆုံဟာ မန္တလေ- စဉ့်ကူး -သပိတ်ကျင်း- ထီးချိုင့်နဲ့ မန္တလေး – စဉ့်ကူး – မိုးကုတ် စတဲ့ လမ်းကြောင်းပေါ်က အချက်အခြာကျတဲ့ လမ်းဆုံနေရာ ဖြစ်ပါတယ်။
ဖော့တောလမ်းဆုံဟာ အညာနဲ့ ရှမ်းမြောက်ဒေသကို ချိတ်ဆက်ထားတဲ့ လမ်းဆုံနေရာတစ်ခုလို့လည်း ဆိုနိုင်ပြီး စစ်အုပ်စု ပြန်ရသွားပါက သပိတ်ကျင်းမြို့နယ် တောင်ဘက်ခြမ်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်ကနေ မိုးကုတ်နဲ့ ရှမ်းမြောက်ဒေသကို သွားလာတဲ့ ပင်မ သွားလာရေး လမ်းကြောင်း ပြတ်တောက်သွားနိုင်တယ်လို့ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“လမ်းပိတ်သွားခဲ့ရင် အခက်အခဲ ကြုံနိုင်ပါတယ်” လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်က သုံးသပ်ပါတယ်။
၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သပိတ်ကျင်းနယ် တိုက်ပွဲတွေမှာ စစ်ရှုံးပြီးနောက် ၇ မိုင်ရွာနဲ့ တွင်းငယ်ရွာအနီး နောက်ဆုံးလက်ကျန် စစ်စခန်းတွေထဲ နှစ်နဲ့ချီကြာ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း လေကြောင်းကနေ အင်အားဖြည့်ပြီးနောက် လေကြောင်းပစ်ကူ၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ကူတွေနဲ့ ပြန်လည် ဖောက်ထွက် ထိုးစစ်ဆင်ကာ ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်းယူသွားပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုက သပိတ်ကျင်းနယ်ထဲ ဆက်လက် နယ်မြေချဲ့ထွင်နိုင်ဖို့ စစ်ကြောင်းထိုးနေပြီး မန္တလေး – မိုးကုတ် ကားလမ်းပေါ် ပြန်လည် ခြေချနိုင်ဖို့ အင်အားသုံး ကြိုးစားနေကာ မန္တလေး-မိုးကုတ်ကားလမ်းမကြီးရဲ့ အနောက်ဘက်ခြမ်း၊ မီတာ ၂၀၀၀ ခန့်အကွာမှာရှိတဲ့ လမ်းလယ်ကျစ် ကျေးရွာကို စက်တင်ဘာ လကုန်ပိုင်းကတည်းက သိမ်းယူနိုင်ခဲ့ပါတယ်။
သပိတ်ကျင်းနယ် တိုက်ပွဲတွေကြောင်း သပိတ်ကျင်းမြို့ပေါ် အပါအဝင် မြို့နယ်ရဲ့ အလယ်ကြောမှာ ရှိတဲ့ ပေသောင်၊ ဂွေးပင်မှော်၊ ကဘဲ့ကြီး၊ အိုင်ယား၊ သင်ပေါင်းချောင်း၊ ခလမ်းဂျစ်၊ ညောင်ချိုအိုက်၊ မြိုင်သာယာ၊ ၄မိုင်၊ ၅မိုင်၊ ၆မိုင်၊ ၇မိုင်၊ ၉မိုင်၊ ရွှေမွှေးချောင်း၊ ဒူးဆစ်ချောင်း၊ ရေပူလယ်တီ၊ ဖိုကုန်း တောတိုက်၊ လမ်းလယ်ကျစ်၊ ဓာတ်ကိုက်၊ ဇရပ်ကွင်းနဲ့ ဝါးဖြူတောင်၊ ကျောက်ဖြာ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်မယ်ထင်တဲ့နေရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
သပိတ်ကျင်းနယ်၊ မန္တလေး – မိုးကုတ်လမ်း၊ ဖော့တောလမ်းဆုံအနီး လမ်းပိုင်းတနေရာကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – ထင်လင်း/MFP



